တာမွေမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆို ခံထားရသည့် မိုက်ကယ်ကျော်မြင့်၏အမှု တရားလို မလာသဖြင့် အမှုမစစ်ဆေးဖြစ်

တာမွေမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆို ခံထားရသည့် မိုက်ကယ်ကျော်မြင့်၏အမှု တရားလို မလာသဖြင့် အမှုမစစ်ဆေးဖြစ်
Published 1 November 2017

ပုဒ်မ ၅၀၅ (ခ) (နိုင်ငံတော် အကြည်ညိုပျက်စေမှု) ဖြင့် တရားစွဲဆိုခံထားရသည့် မိုက်ကယ်ကျော်မြင့်အား နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက တာမွေမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ရုံးချိန်းတွင် အမှုမှ တရားလိုဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ခွင့်တိုင်ကြားထားသဖြင့် အမှုကို မစစ်ဆေးဖြစ်ခဲ့ဘဲ ရုံးချိန်းအား နိုဝင်ဘာ ၁၀ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုက်ကယ်ကျော်မြင့်သည် ပြီးခဲ့တဲ့ ဇွန် ၂ ရက်က တာမွေမြို့နယ်ရှိ ဟစ်တိုင်မှာ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော အကြောင်းအရာများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အများပြည်သူ၏ အကြည်အညိုပျက်စေရန် အကြံဖြင့် မမှန်မကန် ကောလဟလဖြန့်ဝေပြီး ပြည်သူလူထုမှ အစိုးရအဖွဲ့အပေါ် ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကို မဟုတ်မမှန် လုပ်ကြံကောလဟလ ဖြန့်ဝေသည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ် တရားရုံး၌ဦး တိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း၏ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်ပြီး တာမွေမြို့နယ် တရားသူကြီးက ရာကြီးအမှတ် ၇၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် လက်ခံခဲ့ကာ မိုက်ကယ်ကျော်မြင့်အား ခံဝန်မဲ့ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ပေးခဲ့ပြီး ၎င်းအားရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်သည် အောက်တိုဘာ ၂၄ ရက်တွင် တာမွေမြို့နယ်၊ ကျိုက္ကစံကွင်းအတွင်းရှိ ဟစ်တိုင်၌ လူအင်အား ၅၀၀ ခန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာတွင် ခွင့်ပြုချက်ရရှိခဲ့ပြီး ယင်းသို့ ဆန္ဒထုတ်ဖော်မှု မပြုလုပ်မီတွင် ပုဒ်မ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်သည် ပြီးခဲ့သည့် ဇွန် ၂ ရက်က တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း အတွင်းရှိ ဟစ်တိုင်အနီးတွင် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂) အကောင်အထည် ဖော်နေသည့် မြေယာကိစ္စများနှင့် ပတ်သတ်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းဆိုသူက ငွေကြေးများ လာဘ်ယူခဲ့သည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

ထို့နောက် သတင်းစာ ရှင်းလင်းပွဲကို ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ရှင်းလင်းမည်ဟု ကြေညာထားသော်လည်း ရှင်းလင်းခွင့်မရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယုဇနဟိုတယ်သို့ ပြောင်းရွှေ့၍ သတင်းစာရှင်းလင်းရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့သဖြင့် တာမွေမြို့နယ်၊ ကျိုက္ကစံကွင်းအတွင်းရှိ ဟစ်တိုင်အနီးတွင် သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ သတင်းစာရှင်းလင်းမှုနှင့် ပတ်သက်ပြီး တာမွေမြို့မရဲစခန်းတွင် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရပြီး လက်ရှိတွင် တရားရင်ဆိုင်နေဆဲ ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အသရေပျက်စေရန် ပြီးခဲ့သည့် မေအတွင်းက မိုက်ကယ်ကျော်မြင့်က ၎င်းဖေ့ဘွတ်စ်တွင် ရေးသားခြင်း၊ မမှန်စွပ်စွဲခြင်းများ ပြုလုပ်သည်ဟု မိုက်ကယ်ကျော်မြင့်ကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုပြုလုပ်၍ ဒဂုံမြို့နယ် တရားရုံးမြို့နယ်၌ ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ တို့ဖြင့် ဇွန်လအတွင်းက တရားဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်အား အောက်တိုဘာ ၁၁ ရက်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆ (ဃ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ တို့ဖြင့် စွဲချက်တင်ကြောင်း ဒဂုံမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မိုက်ကယ်ကျော်မြင့်သည် ယခင်က ပြစ်မှုများ ရှိခဲ့သူ တစ်ဦးဖြစ်ပြီး ထောင်မှလွတ်မြောက်လာသူတစ်ဦး ဖြစ်သဖြင့် ပြင်ပတွင်ရှိနေပါက ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သည့် အပြုအမူများ ဆက်လက်ကျူးလွန်နိုင်သည် ဟုဆိုကာ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် အရေးယူပေးရန် မြောက်ဒဂုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် မြောက်ဒဂုံမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့သဖြင့် အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။