အလုံမြို့နယ် အောင်ဇေယျလမ်းရှိ တိုက်များပေါ်တွင် လှည့်ပတ်သွားလာနေသည့် မျောက်တစ်ကောင်အား မေ့ဆေးမှုတ်ပြောင်းဖြင့် ပစ်ခတ်ဖမ်းဆီး

အလုံမြို့နယ် အောင်ဇေယျလမ်းရှိ တိုက်များပေါ်တွင် လှည့်ပတ်သွားလာနေသည့် မျောက်တစ်ကောင်အား မေ့ဆေးမှုတ်ပြောင်းဖြင့် ပစ်ခတ်ဖမ်းဆီး
Published 31 July 2017


လှည့်ပတ်သွားလာနေသော မျောက်တစ်ကောင်အား မေ့ဆေးမှုတ်ပြောင်းဖြင့် ဖမ်းဆီးရန်ရောက်ရှိလာသည့် တာဝန်ရှိသူများကို တွေ့ရစဉ်

အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် အောင်ဇေယျလမ်းရှိ တိုက်များပေါ်တွင် လှည့်ပတ်သွားလာနေသော မျောက်တစ်ကောင်အား ဇူလိုင် ၃၀ ရက်မွန်းတည့် ၁၂ နာရီခန့်တွင် အလုံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးပေးခဲ့ကြောင်း သိရသည်။

“သတင်းရတာက မျောက်တစ်ကောင်က တိုက်တွေပေါ်မှာ လျှောက်သွားနေလို့ အများပြည်သူကို တစ်စုံတစ်ရာ ရန်ပြုမှာစိုးလို့ဆိုပြီး သတင်းပေးတာပါ။ သတင်းပေးတော့ အလုံမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေရယ်၊ တိရစ္ဆာန်ဥယျာဉ်တာဝန်ခံ ဆရာဝန်တွေနဲ့ ပူးပေါင်းပြီးတော့ ဖမ်းဆီးခဲ့ပါတယ်” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် အောင်ဇေယျလမ်းရှိ တိုက်များပေါ်တွင် လှည့်ပတ်သွားလာနေသော မျောက်တစ်ကောင်အား အလုံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ခံဆရာဝန်များနှင့်အတူ လိုက်လံဖမ်းဆီးရာ မွန်းလွဲ ၂ နာရီခန့်တွင် အလုံမြို့နယ် ဂဠုန်ရပ်ကွက် ကွင်းကျောင်းလမ်း အမှတ် (၄၁) ရှိ ပြည့်ဝမွေ့ရာဆိုင် နောက်ဖေးမီးဖိုချောင်တွင် ဝင်ရောက်နေသည့်မျောက်အား မေ့ဆေးမှုတ်ပြောင်းဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသောမျောက်မှာ မျောက်စပ်အမျိုးအစားဖြစ်ပြီး အရှည်နှစ်ပေသုံးလက်မခန့် အလေးချိန်သုံးပိဿာခန့်ရှိကြောင်း၊ အဆိုပါဖမ်းဆီးရမိသောမျောက်အား သစ်တောဦးစီးဌာနမှ တောအုပ်ဦးဟန်ဝင်း၊ တောအုပ်ဦးဂျိုးဆက်၊ တောခေါင်းဆောင် ဦးအောင်သိန်းတို့မှာ မျောက်အား အပ်နှံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့များသည် မီးငြှိမ်းသတ်ရာတွင် ဆောင်ရွက်သလို အခြားအရေးပေါ်ကိစ္စများ၊ သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်ရပ်များ၊ ထူးခြားဖြစ်စဉ်များဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့ဝင်များထံ အကူအညီတောင်းခံမှုများရှိကြောင်း သိရသည်။

ရွှေပြည်သာ အမှတ် (၉/၆) ရပ်ကွက် တကောင်းပန်းခြံအနီး ယမုံနာလမ်း အိမ်အမှတ် ၂၈၇/ခ၊ ၂၈၈/က အိမ်ရှေ့ကုက္ကိုလ်ပင်တွင် ပတူကောင်များ ခိုအောင်းနေပြီး လမ်းသွားလမ်းလာ ရပ်ကွက်နေပြည်သူများအား လိုက်လံရန်ပြုသောကြောင့် ဇူလိုင် ၇ ရက်နံနက် ၈ နာရီတွင် ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၃ ရက်၌ စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက် အမှတ် 332 (A) Carlsberg Beer ရုံးအဆောက်အအုံ မျက်နှာကျက်နှင့် အဲကွန်းပိုက်လိုင်းကြားတွင် ကြောင်မကြီးတစ်ကောင်နှင့် ကြောင်ပေါက်လေးနှစ်ကောင် ပိတ်ညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံ အကြောင်းကြားသဖြင့် စမ်းချောင်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီးနှင့် တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Writer: အောင်ထက်ခိုင်

Most Read

Most Recent