မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းအား ပြဋ္ဌာန်းမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်က လွှတ်တော်များအားလုံးကို ချုပ်ကိုင်သည့် သဘောသက်ရောက်မှု ရှိ မရှိ ဆန်းစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုထားကြောင်း ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်သွင်း

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းအား ပြဋ္ဌာန်းမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်က လွှတ်တော်များအားလုံးကို ချုပ်ကိုင်သည့် သဘောသက်ရောက်မှု ရှိ မရှိ ဆန်းစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုထားကြောင်း ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်သွင်း
Published 18 October 2017

အောက်တိုဘာ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းအား ပြဋ္ဌာန်းမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်က လွှတ်တော်များအားလုံးကို ချုပ်ကိုင်သည့်သဘော သက်ရောက်မှုရှိ မရှိ ဆန်းစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုထားကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

အောက်တိုဘာ ၁၇ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပေးပို့ထားသည့် ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီအနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အစီရင်ခံစာတင်သွင်းခဲ့သည်။

ဥပဒေကြမ်းကော်မတီဝင် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးက မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ပြန်လည်ဆန်းစစ်သင့်ကြောင်း၊ လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားလွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ပြီး မိမိတို့ပြဋ္ဌာန်းပိုင်ခွင့်ရှိသည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်သည့်အတွက် ဤဥပဒေကြမ်းတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတာဝန်များကို ပြည်ထောင်စုလွှတ်တော်က ရယူကာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများသည် အဖွဲ့ဝင်များသာဖြစ်၍ အထက်အောက် ဆက်ဆံရေးသဘောမျိုး သက်ရောက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားရာရောက် မရောက် ပြန်လည်ဆန်းစစ်သင့်ကြောင်း အကြံပြုထားသည်ဟု ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေးက လွှတ်တော်အသီးသီး၏ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်များအနေဖြင့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်နိုင်ခြင်းအပေါ် ကန့်သတ်ရာရောက် မရောက် ပြန်လည်ဆန်းစစ်သင့်ကြောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က လွှတ်တော်အသီးသီးနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ဤဥပဒေအရ ပြည်ထောင်စုလွှတ်တော်က လွှတ်တော်များအားလုံးကို ချုပ်ကိုင်ထားသည့် သဘောသက်ရောက်မှုရှိ မရှိ ပြန်လည်ဆန်းစစ်သင့်သည်ဟု အကြံပြုထားကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

ဥပဒေကြမ်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာဥပဒေများနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ဥပဒေပြုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆောင်ရွက်ခြင်းဟု ပြင်ဆင်ရန်နှင့် လွှတ်တော်အဖွဲ့၏ ဆုံးဖြတ်ချက်ဟူသည့် ပြဋ္ဌာန်းချက်များအား ညှိနှိုင်းဆောင်ရွက်ခြင်းဟု ပြင်ဆင်ရန် အကြံပြုထားကြောင်း၊ ပြည်သူ့လွှတ်တော်ကလည်း ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီးဖြစ်သည့်အတွက် အမျိုးသားလွှတ်တော်ကလည်း ဆက်လက်အတည်ပြုဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိဆိုသည့် ကိစ္စရပ်အတွက် သက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သီးခြားဆောင်ရွက်သွားရမည့် ကိစ္စရပ်များဖြစ်ကြောင်းကိုလည်း သဘောထားရရှိခဲ့ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။