မြန်မာနိုင်ငံအစိုးရအား လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု ကမ္ဘာ့နိုင်ငံအချို့မှ စွပ်စွဲပြောဆိုချက်များ ကန့်ကွက်ခြင်း၊ ရိုဟင်ဂျာဟု သုံးစွဲနေမှုများအား ကန့်ကွက်ခြင်း အပါအဝင် ကန့်ကွက်တောင်းဆိုချက် ငါးချက်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ရခိုင်ပြည်နယ်လုံးကျွတ် ပြုလုပ်မည်

မြန်မာနိုင်ငံအစိုးရအား လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု ကမ္ဘာ့နိုင်ငံအချို့မှ စွပ်စွဲပြောဆိုချက်များ ကန့်ကွက်ခြင်း၊ ရိုဟင်ဂျာဟု သုံးစွဲနေမှုများအား ကန့်ကွက်ခြင်း အပါအဝင် ကန့်ကွက်တောင်းဆိုချက် ငါးချက်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ရခိုင်ပြည်နယ်လုံးကျွတ် ပြုလုပ်မည်
Published 17 October 2017

လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု မြန်မာနိုင်ငံ အစိုးရအား ကမ္ဘာ့နိုင်ငံအချို့မှ စွပ်စွဲပြောဆိုချက်များ ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်းကို အတိအလင်း ကြေညာပေးရေး၊ ARSA စကားလုံးအစား ဘင်္ဂါလီအကြမ်းဖက်သမားများဟုသာ သုံးနှုန်းပေးရေး၊ ဘင်္ဂါလီများအား ၈၂ နိုင်ငံသား ဥပဒေအတိုင်း စိစစ်ရေး တောင်းဆိုချက်များ ပါဝင်သော တောင်းဆိုချက်များနှင့် ကန့်ကွက်မှု အချက် ငါးချက်အား ကန့်ကွက်ခြင်းတောင်းဆို ဆန္ဒထုတ်ဖော်မှု တစ်ရပ်ကို ရခိုင်ပြည်နယ်လုံး အတိုင်းအတာဖြင့် အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်သွားရန် အောက်တိုဘာ ၁၅ ရက်က စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်၌ ပြုလုပ်သည့် လူထုကိုယ်စားပြု အဖွဲ့အစည်းမှ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသည် အောက်တိုဘာ ၁ ရက်က အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်တွင် ကျင်းပသော စည်းထိန်းသံဃာတော်များ၊ စစ်တွေမြို့မှ ကျောင်းထိုင်ဆရာတော်ကြီးများ၊ လူမှုအဖွဲ့အစည်းများ၊ ဟိန္ဒူ၊ မရမ္မာကြီးအစရှိသော တိုင်းရင်းသားများအားလုံး ပါဝင်သည့် အစည်းအဝေးမှ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်ကာ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရေးတွင် ပါဝင်မည့် ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်ဌေးက “အချက်ငါးချက်ကို တောင်းဆိုဆန္ဒ ထုတ်ဖော်ဖို့ ဆုံးဖြတ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို တရားဝင်ကြေညာပေးစေလိုတဲ့အချက်၊ တိုင်းရင်းသားတွေကို သတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ ဘင်္ဂါလီအစွန်းရောက်တွေကို ပြန်လည်လက်မခံဘူးဆိုတဲ့ အချက်၊ ၈၂ နိုင်ငံသားဥပဒေအတိုင်း စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့နဲ့ အဲဒီလို လုပ်ဆောင်တဲ့အခါ စိစစ်ရေးအဖွဲ့မှာ တိုင်းရင်းသားတွေ ထည့်သွင်းပေးထားရေးတွေပါမယ်။ နောက်ပြီး ARSA ဆိုတဲ့စကားလုံးမှာ ရိုဟင်ဂျာဆိုတာကို ထည့်ထားတဲ့အတွက် အဲဒီစကားလုံးကိုမသုံးဘဲ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့လို့ သုံးပေးဖို့လည်း တောင်းဆိုသွားမှာဖြစ်တယ်။ နောက်ပြီး လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု မြန်မာနိုင်ငံ အစိုးရအား ကမ္ဘာ့နိုင်ငံအချို့မှ စွပ်စွဲပြောဆိုချက်များ ကန့်ကွက်တဲ့အချက်ပါမယ်။ ရခိုင်ပြည်နယ် ၁၇ မြို့ နယ်မှာ တစ်ပြိုင်တည်း ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

“နိုင်ငံအချို့က စွပ်စွဲနေတဲ့ ဘင်္ဂါလီတွေကို လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့စကားဟာ ဘာသက်သေ အထောက်အထားမှမရှိဘဲ နိုင်ငံသိက္ခာကျအောင် ပြောဆိုစွပ်စွဲနေကြတာဖြစ်တယ်။ ဘယ်သူ့ကို သတ်ခဲ့တာလဲဆိုတာ တစ်နိုင်ငံလုံးက သိတယ်။ ဟိန္ဒူတွေကို လူမျိုးသုဉ်းသတ်ဖြတ်တာလည်း ဒီဘင်္ဂါလီ အကြမ်းဖက်သမားတွေသာ ဖြစ်တယ်ဆိုတာကို ငြင်းချက်မထုတ်နိုင်ပါဘူး။ အစိုးရဘက်မှာ သက်သေအထောက်အထား အခိုင်အလုံ ရှိတယ်ဆိုတာကို ပြသထားပြီးဖြစ်တယ်။ ဒါကြောင့် အဲဒီစွပ်စွဲချက်ကို ကန့်ကွက်တယ်” ဟု ပုသိမ်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။