ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာ၌ မူးယစ်းဆေးဝါး ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာ၌ မူးယစ်းဆေးဝါး ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ
Published 13 October 2017

အခင်းဖြစ်ပွားခဲ့သည့်နေအိမ်အား တွေ့ရစဉ်

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ တောင်သုံးလုံးကျေးရွာတွင် အောက်တိုဘာလ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ နေအိမ်တစ်ဆောင်အား ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာတွင် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် နေရာမှာ တောင်သုံးလုံးကျေးရွာ BIA အထိမ်းအမှတ် ကျောက်တိုင်ရှေ့မျက်နှာချင်းဆိုင်ရှိ နေအိမ်တွင်ဖြစ်ပြီး မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အား ရဲတပ်ဖွဲ့ဝင်များဖြင့် ပိတ်ဆို့ထားစဉ် မူးယစ်ဆေးဝါး သံသယတရားခံဖြစ်သူ ကိုဦးက နေအိမ်အတွင်းမှနေ၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒုရဲမှူး သန်းဇော်ဦးတွင် ညာဘက်လက်ဖျံတွင် သေနတ်ထိမှန်ခဲ့ပြီး တရားခံဖြစ်သူမှ ထွက်ပြေးစဉ် ရဲတပ်ဖွဲ့မှ ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ကိုဦး၌ ညာနားထင်တွင်ကျည်ဆံ ရှပ်ထိဒဏ်ရာ၊ နောက်ကျောဘက်နှင့် ရင်ဘက်တွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး TTL အာယုဒါန အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်လာစဉ် သေဆုံးသွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

“ ကျွန်တော်တို့ဘာမှမသိဘူးဗျ၊ အသံတွေပဲ ကြားနေရတယ်၊ ကျွန်တော်တို့ကို လာခေါ်တော့ သွားသယ်တဲ့အချိန်ဆို လက်ဖျံမှာထိထားတဲ့ ရဲတစ်ယောက်ပါပဲ၊ နောက်တစ်စီး ထပ်သယ်တဲ့အချိန်မှ သေနတ်ဒဏ်ရာ ထိထားတဲ့လူကို သယ်လာတာပါ၊ ဆေးရုံမရောက်ခင်လမ်းမှာ ဆုံးသွားပါတယ်”ဟု တောင်သုံးလုံး TTL အာယုဒါန အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ ကိုပြည့်ဇော်ဟိန်းက ပြောကြားသည်။ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၃၀ ကျော်ခန့်အရွယ်ရှိ တောင်သုံးလုံးရွာနေ ကိုဦး ဆိုသူဖြစ်ပြီး ၎င်း၏အမျိုးသမီး၌ ကိုယ်ဝန်ရှိနေကာ ၄ နှစ်အရွယ် သမီးတစ်ဦး ရှိသည်ဟု ကနဦးသတင်းများအရ သိရသည်။ လက်ရှိတွင် ညာဘက်ဖျံ၌ သေနတ်ဒဏ်ရာ ရရှိခဲ့သည့် ဒုရဲမှူး သန်းဇော်ဦးမှာ ထားဝယ်ပြည့်သူ့ဆေးရုံကြီး အရိုးကုသဆောင်၌ ကုသမှုခံယူနေပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သူ ကိုဦးကို ဆေးရုံရှိ ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင် မှုခင်းအထူးတပ်ဖွဲ့ ဒုရဲမှူးသန်းဇော်ဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးသတင်းအရ တောင်းသုံးလုံးရွာရှိ သံသယတရားခံဖြစ်သူ ကိုဦး (၃၃ နှစ်) ၏ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ရာ၌ နေအိမ်အား ပိတ်ဆို့ဝိုင်းရံကာ ဖမ်းဆီးမှုခံယူရန် ပြောဆိုစဉ် ကိုဦးက နေအိမ်အတွင်းမှနေ၍ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ကြောင်း၊ နေအိမ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်တစ်ဦး ရှိနေသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ ချက်ချင်းပြန်လည် ပစ်ခတ်ခြင်းမပြုဘဲ ရာဘာကျည်ဖြင့် ပစ်ခတ်ခြောက်လှန့်ခဲ့ရာ နေအိမ်အတွင်းမှ ထွက်လာခဲ့ခြင်း မရှိသဖြင့် မျက်ရည်ယိုမီးခိုးဗုံး သုံးလုံးဖြင့် နေအိမ်အတွင်းသို့ပစ်ခတ်သည့်အခါမှသာ သံသယတရားခံ၏ မိသားစုဝင်များ ထွက်ပြေးလာပြီးနောက် သံသယတရားခံ ထွက်လာသည့်အချိန်တွင် ပစ်ခတ် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားရာ၌ သံသယတရားခံဖြစ်သူ၏ မိသားစုဝင်များတွင် ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ကြောင်း၊ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ၌ မူးယစ်ဆေးပြားများအား မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရသည့်အပြင် လက်နက်ငယ်၊ အသံတိတ်ပြောင်းနှင့် ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေရသည့် ဒုရဲမှူး သန်းဇော်ဦးအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့က လာရောက်ကြည့်ရှုသွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent