ပြောင်းလဲမည့် လျှပ်စစ်မီတာခနှုန်းထားများ မကြာမီကြေညာမည်ဖြစ်ပြီး ပြည်သူများကို မီတာခတိုးမြှင့်သကဲ့သို့ ဝန်ဆောင်မှု ပိုကောင်းအောင်ပေးနိုင်ရန် စီမံနေကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား

ပြောင်းလဲမည့် လျှပ်စစ်မီတာခနှုန်းထားများ မကြာမီကြေညာမည်ဖြစ်ပြီး ပြည်သူများကို မီတာခတိုးမြှင့်သကဲ့သို့ ဝန်ဆောင်မှု ပိုကောင်းအောင်ပေးနိုင်ရန် စီမံနေကြောင်း အမြဲတမ်းအတွင်းဝန် ပြောကြား
Published 13 October 2017

ပြောင်းလဲသတ်မှတ်မည့် လျှပ်စစ်မီတာခနှုန်းထားများ မကြာမီ ကြေညာမည်ဖြစ်ပြီး မီတာခတိုးမြှင့်သကဲ့သို့ ဝန်ဆောင်မှုပိုကောင်းအောင် တိုးမြှင့်ပေးနိုင်ရန်လည်း စီမံနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။

“ခရီးရောက်နေပါပြီ။ မကြာခင်ထုတ်ပြန်မှာပါ။ ဒါကို ကြိုပြီးမပြောသေးတာပါ။ အထူးပြောချင်တာ ဒါကိုဒီလိုလုပ်တယ် သို့သော်လည်း ပြည်သူလူထုအပေါ် Service ယခုထက် ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာကို အဓိကထား စဉ်းစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တစ်ဖက်လည်း Service ကောင်းတယ်။ တဖက်ကလည်း ပြင်ဆင်ပြောင်းလဲမှုရှိတယ်ဆိုရင် Win Win Situation ပေါ့။ အဲဒီအတွက် စီမံနေပါတယ်” ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။

မီတာခပြောင်းလဲ သတ်မှတ်ရေးနှင့် ပတ်သက်၍လည်း အလွှာပေါင်းစုံနှင့် အံဝင်ခွင်ကျဖြစ်စေရန် စဉ်းစားဆောင်ရွက်နေကြောင်း၊ ယူနစ်အလိုက် သတ်မှတ်ပြောင်းလဲမည် သို့မဟုတ် အလွှာအလိုက် သတ်မှတ်ပြောင်းလဲမည် ကိုစဉ်းစားနေကြောင်း ၎င်းက ပြောကြားသည်။

“အလွှာပေါင်းစုံအတွက် အံဝင်ခွင်ကျ ဖြစ်ဖို့လိုပါတယ်။ အခြေခံလူတန်းစား တစ်ယောက်ရဲ့ သုံးနေတဲ့ယူနစ်ကို ပျှမ်းမျှခြင်းအားဖြင့် သုတေသနလုပ်ကြည့်တာ အခြေခံလူတန်းစား အိမ်တစ်အိမ်က ၂၃ ယူနစ်လောက်သုံးတာလို့ အကြမ်းဖျင်းသိရတယ်။ အဲဒီ ၂၃ ယူနစ် ကိုပြောင်းတိုးလိုက်ရင် ဘယ်လိုဖြစ်မလဲ။ ဖြစ်သင့်လား။ ဘယ်လိုအလွှာတွေကို ဘယ်လိုတိုးမလဲ။ ယူနစ်နှုန်းနဲ့ သွားမလား၊ အလွှာနှုန်းနဲ့ သွားမလား။ ဒါတွေအများကြီး စဉ်းစားရမှာပါ” ဟု ဦးဌေးအောင်က ပြောကြားသည်။

မီတာခပြောင်းလဲသတ်မှတ်ရေးနှင့် ပတ်သက်၍ လက်ရှိနှုန်းထားထက် သုံးဆအထိတိုး မြှင့်သတ်မှတ်ရန် မဖြစ်နိုင်ဘဲ အခြေခံလူတန်းစားများအတွက် သင့်လျော်သည့်နှုန်းထားသာ ဖြစ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မီတာခနှုန်းထား ပြောင်းလဲသတ်မှတ်ရေးအတွက် ဆောင်ရွက်နေသည်မှာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဝန်ကြီးဌာနတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးများ၊ နည်းပညာကျွမ်းကျင်သူများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဖြင့် နောက်ဆုံးအဆင့် အပြီးသတ်ဆွေးနွေးမှုပြုလုပ်ကာ မကြာမီကျင်းပမည့် လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း၊ အများပြည်သူသိရှိရန်လည်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။