ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သော်လည်း လုံခြုံရေးပိုင်းတွင် များစွာဂရုစိုက်ရမည်ဖြစ်ကြောင်း ဒုသမ္မတဦးမြင့်ဆွေ ပြောကြား

ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သော်လည်း လုံခြုံရေးပိုင်းတွင် များစွာဂရုစိုက်ရမည်ဖြစ်ကြောင်း ဒုသမ္မတဦးမြင့်ဆွေ ပြောကြား
Published 11 October 2017

ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သော်လည်း လုံခြုံရေးပိုင်းတွင် များစွာဂရုစိုက်ရမည်ဟု ဒုသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပြောကြားမှုအား ဒုသမ္မတ ဦးမြင့်ဆွေက အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ဒုသမ္မတ ဦးမြင့်ဆွေက အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် ရန်ကုန်ပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စသည့်ဂိတ်လေးခု သတ်မှတ်ထားကြောင်း၊ ကျန်နယ်စပ်ဂိတ်များ အပါအဝင် (၂၃) ဂိတ်ရှိကြောင်း၊ အချို့ ဝင်/ထွက်ဂိတ်များ၌ Border Pass ဖြင့်ဝင်ခွင့်ပြုနေကြောင်း၊ ထိုသို့သတ်မှတ်ရာတွင် ကန့်သတ်နယ်မြေ သတ်မှတ်စာရင်းများ ရှိသင့်ကြောင်း၊ Check Gate များပြုလုပ်ထားပြီး ဝင်ရောက်သည့်ဂိတ်မှပင် ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း၊ ဝင်သည့်ဂိတ်မှမထွက်ဘဲ ၎င်းတို့လိုရာခရီးသို့ သွားရောက်ပြီး အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သောကြောင့် စစ်ဆေးရေးဂိတ်များတွင် Instrument များ စုံစုံလင်လင်ထားရှိမှသာ Blacklist များဝင်ရောက်လာခြင်း ရှိ မရှိ၊ Terrorist များ ဝင်ရောက်မှု ရှိ မရှိတို့အား စစ်ဆေးစောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် လျာထားသည့် ဗီဇာ (၁၂) မျိုးအပြင် Reentry၊ Visa Special နှင့် အကြိမ်ကြိမ် ဝင်ခွင့်ဗီဇာ စသည့်ဗီဇာသုံးမျိုးရှိသည်ကိုလည်း သိရကြောင်း၊ ဗီဇာကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနေသကဲ့သို့ ဗီဇာဖြင့် ဝင်ရောက်လာသူများကို လုပ်ငန်းကော်မတီခြောက်ခုမှ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ အထူးသဖြင့် Blacklist အကြမ်းဖက်နှင့် ဆက်စပ်နေသည့် Terrorist များအား သေချာစွာစိစစ်နိုင်မှသာ ကာကွယ်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်ခြင်းကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သော်လည်း လုံခြုံရေးပိုင်းတွင် များစွာဂရုစိုက်ရမည့် အခြေအနေရှိကြောင်း၊ ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက်နိုင်ကာ အတားအဆီးမရှိသည့် ဝင်ပေါက်များမှ အကြမ်းဖက်နှင့် ဆက်စပ်သည့် Terrorist များဝင်ရောက်နိုင်သဖြင့် လုံခြုံရေးအထူးဂရုစိုက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရန် စိတ်အဝင်စားဆုံးနိုင်ငံဖြစ်၍ ဝင်ရောက်မှုအား စေ့စပ်သေချာစွာ စစ်ဆေးခြင်းမပြုပါက လုံခြုံရေးကျိုးပေါက်မှုဖြစ်ခဲ့လျှင် ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်မှုထိခိုက်နိုင်ကြောင်း စသည်ဖြင့် ဒုသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

Most Read

Most Recent