ရခိုင်ပြည်နယ်သည် လွန်စွာအရေးကြီးသည့် ပြည်နယ်ဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့်အညီ ဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

ရခိုင်ပြည်နယ်သည် လွန်စွာအရေးကြီးသည့် ပြည်နယ်ဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့်အညီ ဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း
Published 11 October 2017

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်စဉ်

ရခိုင်ပြည်နယ်သည် လွန်စွာအရေးကြီးသည့် ပြည်နယ်ဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့်အညီ ဆောင်ရွက်သွားကြရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “လက်ရှိရောက်ရှိနေသော အခြေအနေမှာ အလွန်အရေးကြီးနေသည့် အခြေအနေဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရရှိဖို့အတွက် တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့် တာဝန်ဆိုသည်ထက် ပိုပြီးတော့စေတနာထား ဆောင်ရွက်ကြရန်၊ ငွေရေးကြေးရေးများကိုလည်း စနစ်တကျ တိကျမှန်ကန်သောစာရင်းများဖြင့် ဆောင်ရွက်ကြရန်နှင့် ရခိုင်ပြည်နယ်မှာ အင်မတန်မှအရေးကြီးသည့် ပြည်နယ်ဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့်အညီ ဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံတိုက်တွန်းကြောင်း” ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ရန် ကျန်ရှိနေသောလုပ်ငန်းများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေများဖြင့် အဓိကထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် တာဝန်ဟူသောအသိထက် မိမိနိုင်ငံနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်တာဝန်များကို စေတနာထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုသည့် ဘဏ္ဍာငွေများအား အလေ့အလွင့်မရှိဘဲ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါကလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြသွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး ညနေ ၆ နာရီ ၂၆ မိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။