အထက်ချင်းတွင်းဒေသတွင် ရှမ်းရိုးရာဓလေ့ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ တံခွန်တစ်ထောင် ကပ်လှူပွဲများ တိမ်ကောပပျောက်လာ

အထက်ချင်းတွင်းဒေသတွင် ရှမ်းရိုးရာဓလေ့ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ တံခွန်တစ်ထောင် ကပ်လှူပွဲများ တိမ်ကောပပျောက်လာ
Published 8 October 2017

အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ် မှန်ပင်ကျေးရွာတွင် သီတင်းကျွတ်လပြည့်နေ့က ရှမ်းရိုးရာဓလေ့ ရေမျှောပွဲ ပြုလုပ်နေစဉ်

အထက်ချင်းတွင်းဒေသ ခန္တီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်နံဘေး ကျေးရွာများတွင် ရှမ်းရိုးရာဓလေ့ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ တံခွန်တစ်ထောင် ကပ်လှူပွဲနှင့် ရေမျှောပွဲများ တိမ်ကောပပျောက်လာပြီး ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

“မြတ်စွာဘုရားရှင် နတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ကြွလာတာကို ပူဇော်တဲ့အနေနဲ့ လုပ်တာပေါ့။ ခန္တီးမြို့နယ်ထဲမှာဆိုရင် စိန်နန်း၊ မိုင်းနောင်၊ ဟိန်စွန်း၊ ကောက်တောင်း၊ ကောင်းဟိန် စတဲ့ ရွာ ၁၀ ရွာလောက်ကတော့ ဆီမီးခွက်မျှောတာတွေ သီတင်းကျွတ်ကာလမှာ လုပ်ပါတယ်။ ဒီရွာမှာကတော့ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းတစ်ထောင် ကပ်လှူကြပြီး ဖောင်နဲ့မျှောတာကတော့ မရှိတော့ဘူး။ ရှမ်းရိုးရာဓလေ့ပေါ့။ ဒါမျိုးတွေကို အရင်က နေရာတော်တော်များများမှာ လုပ်ကြပေမယ့် အခုတော့ ပျောက်ကွယ်ကုန်ပြီ။ ရှမ်းလိုတော့ ဘုရားရှင် လူ့ပြည်ပြန်ဆင်းတဲ့ပွဲဆိုပြီး ခေါ်တာပဲ။ ဒီရွာမှာတောင် နှစ်တိုင်းမလုပ်နိုင်ကြဘူး။ ၂၀၁၃ ခုနှစ်က တစ်ခါလုပ်တယ်။ ပုံမှန်ကတော့ ဆီမီးခွက်မျှောတာပဲ လုပ်ကြတယ်။ ဒီပွဲအတွက် အရင်ဆုံး ဝါးခုတ်ရတယ်။ ဖက်ရွက်တွေခုတ်ရတယ်။ တောပန်းတွေခူးရတယ်။ ရွာမှာကတော့ သူ့တာဝန်ကိုယ့်တာဝန် လုပ်ကြတယ်။ တောပန်းတွေကျတော့ တောထဲသွားရှာရပါတယ်။ ဆွမ်းအတွက်တော့ ရွာထဲက စေတနာရှင်တွေ ဆီကနေ လှူနိုင်သလောက် ထည့်ကြတဲ့ငွေနဲ့ ဆွမ်းတွေ၊ မုန့်တွေလုပ်ကြတာ။ ဘုန်းကြီးကျောင်းက ဘုရားဝင်းအတွင်းမှာ လုပ်ကြတယ်။ ဒါကို သီတင်းကျွတ်လပြည့် မနက်စောစော ဘုရားကို ဆွမ်းကပ်ကြပြီး ဖောင်ပေါ်တင်ပြီး မျှောလိုက်ကြတာ။ အရင်တုန်းကတော့ ရှမ်းအကနဲ့ သီချင်းတွေ ထည့်သွင်းတာရှိတယ်။ သီချင်းဆိုရင် လက်တန်းစပ်ဆိုကြတာ။ သီးသန့်သီချင်း မဟုတ်ဘူး။ ဒီအကြောင်းအရာနဲ့ သီချင်းကို ဆိုကြတယ်။ သီချင်းထဲမှာ စကားထာတွေ ဝှက်တယ်။ စကားထာတွေကိုလည်း သီချင်းနဲ့ ပြန်ဖော်ရတယ်။ အခုတော့ အဲဒါတွေ ပျောက်သလောက်ရှိနေပြီ” ဟု ခန္တီးမြို့မှ ဦးကဝိပါလက မိန့်ကြားသည်။

“လုပ်တာကတော့ ဘိုးဘွားတွေ လက်ထက်ကတည်းက လုပ်ခဲ့တာပဲ။ သုံး၊ လေးနှစ် တစ်ကြိမ်၊ လေး၊ ငါးနှစ်တစ်ကြိမ် အဆင်ပြေရင်ပြေသလို ပြေတဲ့နှစ်မှာ လုပ်ကြပါတယ်။ နှစ်စဉ်တော့ မဟုတ်ဘူးပေါ့။ အဲဒီပွဲမှာ ဆင်ဖြူတော်လွှတ်တာ (ဆင်ဖြူတော်အရုပ်ကို ဖောင်ပေါ်တင်လွှတ်တာ) တို့ရှိတယ်။ ချင်းတွင်းမြစ်နံဘေးက ရွာတွေမှာ လုပ်ကြသေးလားဆိုတော့ လုပ်တဲ့သူလည်း ရှိပါတယ်။ ခန္တီးအောက်ပိုင်းမှာတော့ အဆက်အသွယ် မရတော့ လုပ်မလုပ် မသိဘူး။ ခန္တီးနား တစ်ဝိုက်မှာတော့ နှစ်ရွာ၊ သုံးရွာလောက် လုပ်ကြတယ်။ တတ်နိုင်တဲ့ ရွာတွေပေါ့။ လူအင်အား၊ အသိပညာ၊ အတတ်ပညာ၊ လုပ်ငန်းကိုင်ငန်း တတ်သိနားလည်သူရှိမှ ဖြစ်တာလေ။ ဒီလိုပွဲ လုပ်တာတွေက နည်းလာတယ်။ ပပျောက်လာတာပေါ့။ ဘယ်လိုကြောင့်ဆိုတော့ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ အားနည်းလာတာ။ အခုဆို ကျန်တဲ့ရွာတွေမှာ လုပ်တာမတွေ့တော့ဘူး။ ရှမ်းဓလေ့ လုပ်ပုံလုပ်နည်းလေးတွေ ပျောက်ကွယ်ကုန်တာပါ။ ရိုးရာလုပ်ကိုင်ပုံ လုပ်ကိုင်နည်းတွေက အဘိုးကြီး၊ အဘွားကြီးတွေရှိတော့ သူတို့ ပြောပြတာ လုပ်တာပေါ့။ တချို့ဒေသတွေကျတော့ စိတ်ဝင်စားမှု နည်းလာတာပေါ့။ ဒီလိုပွဲတွေကို လူမှန်းသိတတ်တဲ့ အရွယ်ကတည်းက သိခဲ့တာ။ ရိုးရာဓလေ့တွေကို လူငယ်တွေ လက်ဆင့်ကမ်းပြီး ရိုးရာဓလေ့တွေကို ပြန်တူးဖော်စေချင်တယ်” ဟု မှန်ပင်ကျေးရွာမှ ဦးမောင်ရွှေက ပြောကြားသည်။