ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၀၀၀၀ အောက်သို့ ပြန်လည်ကျဆင်း

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၀၀၀၀ အောက်သို့ ပြန်လည်ကျဆင်း
Published 6 October 2017

အောက်တိုဘာ ၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၇၄ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်နေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၀၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက် အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၉၄၂၅၀၀၊ စက်တင်ဘာ ၂၂ ရက်တွင် ၉၄၀၈၀၀၊ စက်တင်ဘာ ၂၄ ရက်တွင် ၉၃၉၉၀၀၊ စက်တင်ဘာ ၂၅ ရက်တွင် ၉၃၇၈၀၀ အထိ ဆက်တိုက်ပြန်လည် ကျဆင်းခဲ့သည်။ စက်တင်ဘာ ၂၆ ရက်တွင် ၉၄၇၄၀၀ အထိမြင့်တက်ခဲ့ကာ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၉၃၀၀၀၀ ကျော်မှ ၉၃၅၀၀၀ ကျော်ကြား ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၂ ရက် တွင် ကျပ် ၉၂၅၇၀၀၊ အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၄ ရက်တွင် ၉၃၁၀၀၀ ဝန်း ကျင်အထိ ပြန်တက်ခဲ့ပြီးနောက် အောက် တိုဘာ ၅ ရက်တွင် ကျပ် ၉၂၉၉၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။

သြဂုတ်လအတွင်း မြင့်တက်ခဲ့သော ကမ္ဘာ့ရွှေဈေးနှုန်းသည် စက်တင်ဘာလ အတွင်းတွင်လည်း ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။