Parkway Cancer Center နှင့် Center for Better Living ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရင်သားအထူးကု Breast Clinic ဖွင့်လှစ်

Parkway Cancer Center နှင့် Center for Better Living ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရင်သားအထူးကု Breast Clinic ဖွင့်လှစ်
Published 1 October 2017

CBL Medical Centre ဖွင့်လှစ်သည့် အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ်

စင်ကာပူနိုင်ငံမှ ရင်သားခွဲစိတ်အထူးကု ဆရာဝန်များအဖွဲ့ ပါဝင်သည့်စင်ကာပူနိုင်ငံအခြေစိုက် Parkway Cancer Center နှင့် ရန်ကုန်မြို့ရှိ Center for Better Living (CBL) Medical Centre တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပထမဆုံး Breast Clinic ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ် စမုံလမ်းတွင်တည်ရှိသော CBL Medical Centre တွင် စက်တင်ဘာ ၃၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ CBLBreast Clinic မှ လူနာများမှာ စင်ကာပူအခြေစိုက် ဆေးရုံကြီးများဖြစ်သော Parkway Cancer Center၊ Mount Elizabeth ဆေးရုံနှင့် စင်ကာပူ ရင်သားခွဲစိတ်အထူးကု ဆရာဝန်များအဖွဲ့ရှိ ဝါရင့်ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဝါးကျွမ်းကျင်သူများဖြင့် တိုင်ပင်ဆွေးနွေးမှုများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းက မြင့်မားလျက်ရှိပေမယ့် နှစ်တိုင်း ပုံမှန်စစ်ဆေးမှုများပြုလုပ်ပြီး စောစောစီးစီး ကုသမှုခံယူနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကလည်း အားနည်းနေပါတယ်။ ကျွန်တော်တို့ ရင်သားအထူးကုဆေးခန်းမှာတော့ ရင်သားနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို လျင်လျင်မြန်မြန် တိတိကျကျ ရောဂါစစ်ဆေးမှု ပြုလုပ်ပေးနိုင်တာကြောင့် ကင်ဆာရောဂါလက္ခာတွေ မပြခင်မှာဘဲ စစ်ဆေးဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” ဟု CBL Medical Centre မှ Clinical Director ဖြစ်သူ ဒေါက်တာညီညီနိုင်က ပြောကြားသည်။

အဆိုပါ CBLBreast Clinic တွင် ကင်ဆာအထူးကုဆရာဝန်များ၊ ခွဲစိတ်အထူးကုဆရာဝန်များ အပါအဝင် အထူးကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း (အထွေထွေရောဂါ စစ်ဆေးမှုများအပါအဝင် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော ရောဂါများ ရှိ/မရှိ စစ်ဆေးခြင်း)၊ ရောဂါရှာဖွေခြင်း၊ ချိတ်ဆက်ပေးနိုင်ခြင်း၊ လိုအပ်မှုရှိလာပါက စစ်ဆေးမှုနှင့် ကုသမှုများခံယူရန် စင်ကာပူရှိ Parkway Cancer Centre နှင့် Parkway Hospitals Singapore နှင့် ချိတ်ဆက်ပေးခြင်း စသည့်ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

WHO ၏ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ လူနာသစ်များ တွေ့ရှိနှုန်းမှာ တစ်နှစ်လျှင် ၆၀၀၀၀ ကျော်ခန့်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သုတေသနဝက်ဘ်ဆိုက် Globocan စစ်တမ်းအရ မြန်မာအမျိုးသမီးများ၏ ကင်ဆာဖြစ်ပွားမှုတွင် ရင်သားကင်ဆာသည် အများဆုံးဖြစ်ကြောင်း သိရသည်။