ဘင်္ဂါလီအရေး စင်ကာပူ ပါလီမန်တွင် ဆွေးနွေးမည်

ဘင်္ဂါလီအရေး စင်ကာပူ ပါလီမန်တွင် ဆွေးနွေးမည်
Published 1 October 2017

အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်မည့် စင်ကာပူပါလီမန်အစည်းအဝေးတွင် မြန်မာ နိုင်ငံမှ ဘင်္ဂါလီအရေး (မူရင်းတွင် ရိုဟင်ဂျာ အရေးဟု သုံးနှုန်းထား) ကို ဆွေးနွေးမည်ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

လွှတ်တော်အမတ်လေးဦးက မြန်မာ နိုင်ငံမှ ဘင်္ဂါလီအရေးနှင့် စင်ကာပူနိုင်ငံက ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ထို့ပြင် စင်ကာပူအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ စင်ကာပူဒေါ်လာ ၃၀၀၀၀၀ ခန့် တန်ဖိုးရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်က ပြော ကြားခဲ့သည်။

အဆိုပါ ပစ္စည်းများကို ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကျပ်အတည်းဒဏ် ခံစားခဲ့ရသည့် လူမှုအသိုင်းအဝိုင်းသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်အတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းကြောင်း စင်ကာပူနိုင်ငံက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ပြန်လည်ဆောင်ကြဉ်းရန်အတွက် စင်ကာပူက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

“အာဆီယံအိမ်နီးချင်းနဲ့ မိတ်ဆွေရင်း တစ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်တွင် ထိခိုက်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် ရှိဆဲ လုပ်ထုံးလုပ်နည်းတွေ ထိရောက်စွာသုံးဖို့ အာဆီယံ ရဲ့ ကြိုးပမ်းမှုတွေကို အာဆီယံ ပဋိညာဉ်မူ တွေအတိုင်း ဆောင်ရွက်သွားဖို့ စင်ကာပူက အသင့်ရှိပါတယ်”ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်က ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်နယ်တွင်းနေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာအပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်း၊ အဆိုပါအခြေအနေမျိုးတွင် နိုင်ငံ တော်အစိုးရအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ကို ပေးအပ်ရန် တာဝန်ရှိသည့်အလျောက် ထိရောက်သော အစီအမံများချမှတ်၍ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ တော်အစိုးရသည် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။