သီတင်းကျွတ်ပွဲတော် ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေရန် ဟိုတယ်များတွင် ကြိုတင်မှာယူမှုများကာ စည်ကားလျက်ရှိ

သီတင်းကျွတ်ပွဲတော် ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေရန် ဟိုတယ်များတွင် ကြိုတင်မှာယူမှုများကာ စည်ကားလျက်ရှိ
Published 1 October 2017

သီတင်းကျွတ်ပွဲတော် ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကားနေသည်ကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ်

သီတင်းကျွတ်ပွဲတော် ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေရန် ဟိုတယ်များတွင် ကြိုတင်မှာယူမှုများပြားကာ စည်ကားလျက်ရှိကြောင်း ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ချောင်းသာကမ်းခြေတွင် ခရီးသွား လာရောက်အပန်းဖြေမှုများကာ ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများ ပြည့်နေပြီး သီတင်းကျွတ်ပွဲတော်ကာလဖြစ်သော အောက်တိုဘာ ၄ ရက်မှ ၈ ရက်အထိ ဟိုတယ်များတွင် အခန်းကြိုတင်မှာယူမှုများ ရာခိုင်နှုန်း ၈၀ အထိပြည့်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဆက်လက်သိရသည်။

“ဒီနှစ်ရဲ့ ရာသီဥတုအပိုင်းကလည်း မိုးကသိပ်ပြီးမများတဲ့ အခါကျတော့ ပုံမှန်ထက်စာလို့ရှိရင် နဂိုနှစ်တွေထက် သောကြာ၊ စနေ၊ တနင်္ဂနွေရက်တွေမှာ ဟိုတယ်တွေမှာ ဧည့်သည်ဝင်ရောက်မှုတွေများတယ် သီတင်းကျွတ်ပွဲရက်ကလည်းရှည်တယ်။ စနေ၊ တနင်္ဂနွေနဲ့တိုက်တဲ့အတွက် အဲဒီရက်မှာ ဧည့်သည်ကျရောက်မှုကတော့ ကြိုတင်မှာထားတာတွေ ရာနှုန်း ၈၀ လောက်ရှိနေပါပြီ” ဟု ဧကရာဇ်ဟိုတယ်မှ Operation Manager ဦးညီညီအောင်က ပြောကြားသည်။

ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ကာလအတွင်း မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ပွားရန် အာဏာပိုင်အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ဝင်များက အသံကျယ်လောင်တဲ့ ဗြောက်အိုးများရောင်းချခြင်းမပြုအောင် ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ချောင်းသာကမ်းခြေကတော့ ဒီနှစ်လာရောက်လည်ပတ်တဲ့ ခရီးသွားအရမ်းများပါတယ်။ သီတင်းကျွတ်ရက်မှာ လာပြီးလည်ပတ်ချင်တဲ့အသိတွေ အခန်းမှာတာ ကမ်းခြေဘက်ခြမ်းက ဟိုတယ်တွေမရတော့ဘူး။ အတွင်းဘက်တွေမှာ မှာထားရတယ်” ဟု ကမ်းခြေ ရေပြင်သက်ကယ် တာဝန်ခံဦးသန်းဌေးက ပြောကြားသည်။

ချောင်းသာကမ်းခြေတွင် လာရောက်အပန်းဖြေ ရေကစားသူများ အန္တရာယ်ကင်းစေရန် ရေပြင်တွင် သက်ကယ်ရေယာဉ်နှစ်စင်းဖြင့် စောင့်ကြပ်လျက်ရှိကြောင်း၊ ကျောက်တလုံးဘုရားအနီးတွင်လည်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လုံခြုံရေးစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

ယခင်နှစ်တွင် မိုးများသောကြောင့် ခရီးသွားဝင်ရောက်မှုနည်းပါခဲ့ပြီး ယခုနှစ်တွင် ခရီးသွားလာရောက်မှု များပြားကာ ဆောက်လုပ်ဆဲဟိုတယ်မှအပ ကျန်ရှိသော ဟိုတယ်များအား လုံးဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent