ကလေးဝမြို့ကို ရေဖြန့်ဝေပေးနေသော ရေစက်ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားသဖြင့် ရေသုံးစွဲရန် တစ်လခန့်ခက်ခဲမည်

ကလေးဝမြို့ကို ရေဖြန့်ဝေပေးနေသော ရေစက်ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားသဖြင့် ရေသုံးစွဲရန် တစ်လခန့်ခက်ခဲမည်
Published 1 October 2017

ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားသော ကလေးဝမြို့အား ရေပေးဝေနေသည့် ရေစက်ကို တွေ့ရစဉ်

ကလေးဝတစ်မြို့လုံးကို မြစ်ရေဖြန့်ဝေပေးနေသော ရေစက်ကြီးသည် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားသဖြင့် ရေသုံးစွဲရန်အတွက် တစ်လခန့် ခက်ခဲနေမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။

“ကလေးဝတစ်မြို့လုံးကို ရေပေးဝေနေတဲ့ ရေစက်ကြီးက မီးစက်မောင်းနေရင်းနဲ့ ပိုက်ပြုတ်ပြီး ရေတွေက အတွင်းထဲကျလို့ မြုပ်သွားတာ။ မနေ့ကတည်းက ပြန်ဖော်ဖို့ ကြိုးစားနေတာ။ အခုထိမရသေးဘူး။ ရေပြန်ပေးဝေနိုင်ဖို့ဆိုတာ တစ်လလောက်တော့ ကြာလိမ့်မယ်ထင်တယ်။ အင်ဂျင်ပြန်ကိုင်ရမှာနဲ့ ဘာနဲ့။ ဒီဇယ်စက်လေးလုံးထိုးဖြစ်တဲ့အတွက် ကော်နက်တင်းတွေ ဘာတွေက တော်တော်ပြင်ယူရမယ်။ ဒါပေမဲ့ အခုချိန်အထိ စက်ကဖော်ယူလို့မရသေးဘူး။ ဆယ်ယူဖို့အတွက် အဆင်မပြေသေးဘူး။ ရေကတော့ ဒီနေ့ကစပြီး မပေးဝေနိုင်တော့ဘူး။ မနေ့က ပေးနေတာကလည်း လုံလောက်အောင်မရဘူး။ အခုတော့ စည်ပင်ကားတွေ၊ မီးသတ်ကားတွေနဲ့က လိုအပ်တဲ့နေရာကိုလိုက်ပြီး ဖြည့်ပေးနေတာရှိပါတယ်။ ဒါကလည်း သင့်တင့်တဲ့နှုန်းထားတော့ ရှိမှာပါ။ ရှေ့လျှောက်ကို ဒီရေစက်ကြီးကို စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပြီးလုပ်မလား ဒါမှမဟုတ် တင်ဒါနဲ့ ပုဂ္ဂလိကကိုပေးပြီးတော့ လုပ်မလားပေါ့။ ကော်မတီနဲ့တော့ ရေရှည်လုပ်လို့ အဆင်မပြေပါဘူး။ လုပ်ငန်းချို့ယွင်းတာတွေ များပြားလာတာပေါ့။ မြို့ပေါ်မှာ စိတ်ဝင်စားတဲ့သူရှိတယ်ဆိုရင် လုပ်ငန်းကို တင်ဒါနဲ့ မြို့အတွက် ဘယ်လောက်၊ စည်ပင်ခွန်ဆောင်ပေါ့။ အကျိုးအမြတ်အတွက် သူ့အတွက်တွက်ပြီး လုပ်ကြပေါ့။ ဒီလိုဖြစ်သွားတော့ ရေအတွက် တော်တော်ခက်သွားမယ်။ တစ်မြို့လုံးနီးပါးက ဒီရေပေးဝေရေးက သုံးတာကိုး။ မြို့ပေါ် ရပ်ကွက်အားလုံးက ရေပေးဝေရေးကို မှီခိုနေရတာ။ အခက်အခဲက ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူး။ ဆယ်ယူတာ၊ စက်ပြင်တာနဲ့တွက်တော့ တစ်လလောက်ကြာမယ် မှန်းထားတယ်။ ဒေသအာဏာပိုင် အဖွဲ့အစည်းကတော့ ဝင်မပါသေးဘူး။ သူတို့လုပ်တဲ့လုပ်ငန်းကို စောင့်ကြည့်နေတာပေါ့။ လိုအပ်တဲ့ရေကိုတော့ စည်ပင်ကားတွေ၊ မီးသတ်ကားတွေနဲ့ ရေကို အကူအညီတောင်းခံပြီး လုပ်နေရတာ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။

“ရေတင်တဲ့သူက ရေတင်ထားပြီး မုန့်သွားစားတာလို့ပြောတယ်။ အမှန်က အစောင့်မရှိတာ။ အစောင့်မရှိတော့ ပိုက်က ပြုတ်နေတာမသိတော့ ရေတွေက ဆိပ်ခံထဲဝင်သွားပြီး မြုပ်သွားတာ။ အဲဒီရေတင်တဲ့စက်ကြီးကို ပြန်ဆယ်ပြီးတော့ အင်ဂျင်ပြန်ကိုင်ရဦးမယ်ဆိုတော့ ၁၀ ရက်လောက်တော့ ကြာဦးမယ်။ စက်က ဆိပ်ခံနဲ့တွဲထားတာ။ ရေဝင်တော့ မြုပ်သွားတာ။ စက်တွေက ရေမြုပ်တော့ အကုန်ပြန်ဆေးရဦးမှာ။ ရေမပေးနိုင်တော့ဘူးဆိုရင် သုံးရေပြတ်လပ်မှုဖြစ်မယ်။ ချိုးရေကတော့ သွားချိုးလို့ရတယ်။ မြို့ပေါ်က ဒီရေပေးဝေရေးကရေကို အဓိက အားထားသုံးကြရတာ။ ဒီလို ရေပေးဝေရေးစက်ကြီးနဲ့ မြို့ရေပေးလာတာ နှစ်ပေါင်း ၂၀ ကျော်နေပြီ။ တစ်ခါမှဒီလိုမဖြစ်ဖူးဘူး။ အခုက တစ်လကို အိမ်တစ်အိမ်အတွက် တစ်လ ကျပ် ၄၀၀၀ ပေးရတယ်။ စားသောက်ဆိုင်တွေ၊ လုပ်ငန်းသုံးတို့ဆိုရင်တော့ ဈေးတစ်မျိုးပေါ့” ဟု ကလေးဝမြို့ခံ ကိုကံကောင်းက ပြောကြားသည်။