မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်နေစဉ် မောင်တောမြို့ပေါ်နှင့် ကျေးရွာများတွင် မီးလောင်မှု ထပ်မံဖြစ်ပွား

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်နေစဉ် မောင်တောမြို့ပေါ်နှင့် ကျေးရွာများတွင် မီးလောင်မှု ထပ်မံဖြစ်ပွား
Published 25 September 2017

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်နေစဉ် မောင်တောမြို့ပေါ်နှင့် ကျေးရွာများတွင် မီးလောင်မှု ထပ်မံဖြစ်ပွားကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ်  ၅၀ တွင် မောင်တောမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သော ကညင်တန်း (မြို့မ) အုပ်စုရှိ ဒီလ်ပါရာကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ လူမနေသည့် ဘင်္ဂါလီနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စုရှိ ဒီလ်ပါရာကျေးရွာ၌ မီးလောင်မှုဖြစ်ပွား၍ မောင်တောမီးသတ်ဦးစီးမှူးရုံး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ 1N/6236 CNJ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦး၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါလျက် သွားရောက်ငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မီးလောင်ရာနေအိမ်သို့ မီးသတ်ယာဉ်များ ဝင်/ထွက်မရသဖြင့် မီးသတ်ရေစုပ်စက်များဖြင့် ကျေးရွာရှိ ရေတွင်းမှစုပ်ယူ၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၀၀၀၀ ဖြစ်ကြောင်း သိရသည်။

“စာရင်းကောက်အဖွဲ့ကလည်း ဆင်းနေပြီ။ မီးလောင်တာကလည်း ရက်ဆက်ဖြစ်လာတယ်။ ဒီကနေ့ကလည်း မနေ့က မီးလောင်မှုဖြစ်တဲ့ ရပ်ကွက်မှာပဲ ထပ်လောင်တယ်။ ဒီကနေ့မှာတော့ ရေတွင်းရှိတော့ ရေတွင်းက ရေစုပ်ပြီး မီးသတ်ရတယ်။ လူမနေတဲ့ ဘင်္ဂါလီနေအိမ်နှစ်လုံး လောင်ပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်” ဟု မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်ကလည်း မောင်တောမြို့ပေါ် ကညင်တန်း (မြို့မ)၊ ဒီလ်ပါရာ ဘင်္ဂါလီရွာတွင် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၈၀၀၀၀ ဖြစ်သည်။

မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် တာဝန်ကျ စခန်းကင်းသမားက မီးခိုးတွေ့သဖြင့် ၁၂ နာရီ ၄၇ မိနစ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးဖြင့် သွားရောက်စဉ် လမ်းများမှာ မိုးရွာသွန်းမှုကြောင့် မီးသတ်ယာဉ် ဝင်/ထွက်ရန် ခက်ခဲသောကြောင့် လမ်းများပေါ်၌ တင်ကျန်နေသော ရေများဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ရေပုံးများဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရကြောင်း သိရသည်။

“နေအိမ်ခြောက်လုံး မီးလောင်ပါတယ်။ ရွာထဲကို မီးသတ်ယာဉ် ဝင်လို့မရတော့ မီးသတ်ယာဉ်က ဟိန္ဒူရွာဘက်ကို မီးကူးစက်မှု မရှိအောင် တားဆီးနေရပြီးတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးဘက်ကနေ ပတ်ဝင်ရတယ်။ ရေစုပ်စက်တွေ ယူသွားပြန်တော့လည်း အထဲမှာ ရေတွင်းရေကန်မရှိ၊ မိုးရွာထားတာ လမ်းပေါ်မှာ တင်ကျန်နေတဲ့ ရေတွေကို ပုံးတွေနဲ့ပက်ပြီး မီးသတ်ရတယ်။ နေ့လယ် ၁၂ နာရီကျော်မှာ မီးလောင်တာကို ကင်းသမားမြင်တာနဲ့ ထွက်လိုက်သွားကြတာ။ စာရင်းကောက်ယူရေး အဖွဲ့ကလည်း ဒီကနေ့ ဆင်းစာရင်းကောက်နေကြတယ်။ စာရင်းကောက်တဲ့နေ့မှာပဲ မီးလောင်မှုက ထပ်ဖြစ်တယ်” ဟု မောင်တောမီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးသန်းစင်က ပြောကြားသည်။

အလားတူ စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက် ကလာဘာရွာ၌ ယခင်မီးလောင်ပြင်ဟောင်းတွင် ကျန်ရှိနေသော လူနေထိုင်ခြင်း မရှိသည့် ဓနိမိုး၊ ထရံကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သဖြင့် တန်ဖိုးကျပ် ၃၀၀၀၀ ဆုံးရှုံးခဲ့ကြောင်း၊ တရားခံ ဖမ်းဆီးရမိရေး မောင်တော မြို့မရဲစခန်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် နယ်မြေ (၅) ငါးစားကြူးကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းရာ နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီတွင် မောင်တောမြို့နယ် နယ်မြေ (၄) ကြိမ်ချောင်းမြောက်ရွာ၌ ဘင်္ဂါလီများနေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်းအိမ်များနှင့် ကပ်လျက်ရှိသည့် ဟိန္ဒူလူမျိုးများ၏ နေအိမ်များကို ကူးစက်လောင်ကျွမ်း ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို၊ ရခိုင်၊ ဘင်္ဂါလီနှင့် ဟိန္ဒူလူမျိုးများနှင့်အတူ စုပေါင်းငြှိမ်းသတ်ရာ ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် တန်ဖိုးကျပ်ရှစ်သိန်းခန့်ရှိ နေအိမ် ရှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့သူအား ကြိမ်ချောင်းနယ်မြေစခန်း၌ (ပ)၄၄/၂၀၁၇၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း ရပ်ကွက်၊ ကျေးရွာများ၌ မီးလောင်မှု ဖြစ်ပွားခဲ့သော အိမ်ခြေအရေအတွက် အပါအဝင် အခြားသော ပျက်စီးဆုံးရှုံးမှုများ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အချက်အလက်များအား မြေပြင်အခြေအနေ စာရင်းမှန် ကောက်ယူပြုစုနိုင်ရေး အတွက် ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ ငါးဖွဲ့ဖြင့် စက်တင်ဘာ ၂၃ ရက်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။