ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂါလီဒုက္ခသည်များထဲတွင် အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ ပါဝင်

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂါလီဒုက္ခသည်များထဲတွင် အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ ပါဝင်
Published 23 September 2017

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂါလီဒုက္ခသည်များထဲတွင် အာစာဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းဗီဒီယိုတစ်ခုအရ သိရသည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သော အာစာဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက် ဖျက်ဆီးမှုကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ခဲ့ရပြီး အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၀၀၀ ကျော် ရှိခဲ့သည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်မှုများရှိသည်။ ထိုသို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည်ဦးရေသည် လေးသိန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၁၆ ရက်က ပြောကြားသည်။

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်သည့် အဗ္ဗဒူရှုခါက ၎င်းသည် အာစာအဖွဲ့၏ အငယ်တန်း တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း ပြောကြားသည်။

“သူတို့က သစ်ပင်တွေကို ခုတ်ပြီး ယူသွားပါတယ်။ ဘင်္ဂါလီတွေ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) စိုက်ပျိုးထားတဲ့ ဝါးပင်တွေကိုတောင် ခုတ်သွားပါတယ်။ ကိုယ့်ရေမြေမှာတောင် အခြေချဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ အလုပ်မလုပ်နိုင်ဘူး။ တစ်ရွာကနေတစ်ရွာကို သွားဖို့တောင် ခွင့်မပြုပါဘူး။ Al-Yaqin (အာစာ) က ဘင်္ဂါလီတွေ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ပိုကောင်းလာဖို့အတွက် လုပ်နေတာပါ။ သူတို့တွေ (အာစာ) တိုက်ပွဲဝင်နေတဲ့အတွက် ကျွန်တော်တို့ တစ်နေ့သုံးနပ် စားနိုင်ပါတယ်” ဟု အဗ္ဗဒူရှုခါက သတင်းဗီဒီယိုတွင် ပြောကြားသည်။

အဗ္ဗဒူရှုခါက ၎င်း၏ရွာတွင် အာစာအဖွဲ့ဝင် ၄၀ ခန့်ရှိကြောင်း၊ ၎င်းတို့က ဓား၊ တောခုတ်ဓားနှင့် ဂေါ်ပြားတွေကို အဓိကအားဖြင့် ကိုင်ဆောင်လေ့ရှိကြောင်း ပြောကြားသည်။ သူ၏မိသားစုက ၎င်းတို့အား အစားအစာ၊ နေစရာနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ကြောင်း ၎င်းက ပြောကြားသည်။

“ငါ့တိုင်းပြည်ကို ပြန်သွားမယ်။ လိုအပ်လာရင် တိုက်ပွဲဝင်သွားမယ်။ ငါ့ဇာတိ လွတ်မြောက်ဖို့အတွက် ငါ့အသက်ကို စွန့်လွှတ်သွားမယ်။ ငါ့တိုင်းပြည်မှာ ပြန်နေရဖို့ မျှော်လင့်ပါတယ်” ဟု အဗ္ဗဒူရှုခါက ပြောကြားသည်။

“ငါ့ဇာတိမှာသာဆိုရင် ငါ့မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးတွေနဲ့ အတူတူ နေနိုင်မယ်။ ဒါပေမဲ့ အခုတော့ ငါတို့က ဒီမှာ ဒုက္ခသည်လေ။ အိပ်ဖို့တောင် နေရာအလုံအလောက် မရှိဘူး” ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများမှ အနည်းဆုံးအဖွဲ့ဝင်သစ် ၅၀ ခန့်ကို အာစာအဖွဲ့က လူသစ်စုဆောင်းခဲ့သည်ဟု ဒေသခံရဲများက ယုံကြည်သည်ဟု သတင်းဗီဒီယိုတွင် ဖော်ပြထားသည်။

လူမှုမီဒီယာ Facebook သည် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်အဖွဲ့ အာစာအား အန္တရာယ်ရှိသော အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းအဖွဲ့မှတင်သော ပို့စ်များနှင့် ယင်းအဖွဲ့အား ထောက်ခံသူများ၏ ရေးသားတင်မှုများအားဖျက်ရန် ညွှန်ကြားထားသည်။