မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာအား ပြန်လည်ပြင်ဆင် သတ်မှတ်သွားမည်

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာအား ပြန်လည်ပြင်ဆင် သတ်မှတ်သွားမည်
Published 21 September 2017

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာအား စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ်

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ဧရိယာအား ပြန်လည်ပြင်ဆင် သတ်မှတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၀ တွင် စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့ မင်းဝံတောင် ဘေးမဲ့ကာကွယ်တောအတွင်း ပါဝင်နေသော စိုက်ပျိုးမြေ၊ သာသနာ့မြေ၊ ရက်ကွက်/ကျေးရွာ မြေများအား ဘေးမဲ့တော ဧရိယာအတွင်းမှ ပယ်ဖျက်ကာ ဘေးမဲ့ကာကွယ်တော ဧရိယာ အသစ်ပြန်လည် ပြင်ဆင်သတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။

“အကြောင်းအမျိုးမျိုးကြောင့် နှစ်ကာလ ကြာလာတဲ့အခါ ဘေးမဲ့တော ဧရိယာအတွင်း ရွာတွေ၊ ရပ်ကွက်တွေ၊ စက်မှုဇုန်တွေ ပေါ်လာတယ်။ ကျွန်တော်တို့ ရုံးချုပ်ကနေ ဘေးမဲ့တောဧရိယာ ပြန်လည်ပြင်ဆင်ဖို့ ညွှန်ကြားထားလို့ ကျွန်တော်တို့ရယ်၊ မြေစာရင်း၊ ထွေအုပ်တို့နဲ့ ကွင်းဆင်းပြီး ပယ်ဖျက်ဧရိယာ ၃၆၆၅၁ ဧက တွေ့ရှိပြီး ပြန်လည်ပြင်ဆင်မဲ့ ဧရိယာ ၁၄၂၂၃ ဧကကို ရုံးချုပ်ကို တင်ပြခဲ့ပါတယ်။ အတည်ပြုချက် ကြနေပေမဲ့ တိုင်းဒေသကြီးအစိုးရ ထောက်ခံချက် လိုသေးလို့ အဖွဲ့ဖွဲ့ပြီး ပြန်လည်ပြင်ဆင် သတ်မှတ်မဲ့ ဧရိယာထဲ ကလယ်ယာမြေ၊ သာသနိက အဆောက်အအုံတွေကို အသေးစိတ် ပြန်ကွင်းဆင်း စစ်ဆေးဖို့ အဖွဲ့ဖွဲ့ လုပ်ဆောင်နေတာ ဒီလကုန်လောက် ပြီးမယ်လို့ မှန်းထားပါတယ်” ဟု စစ်ကိုင်းမြို့နယ် သစ်တောဦးစီးမှူး ဦးညွန့်လှိုင်က ပြောကြားသည်။

မင်းဝံတောင် ဘေးမဲ့ကာကွယ်တောအား ထိန်းသိမ်းရန် လိုအပ်နေခြင်းကြောင့် ဘေးမဲ့တောဧရိယာအား အသစ်ပြန်လည် ပြင်ဆင်ရခြင်းဖြစ်ပြီး အသစ်ပြန်လည် ပြင်ဆင်ပြီးပါက ဘေးမဲ့ကာကွယ်တော ဘုတ်တိုင်ထောင်ခြင်း၊ အသိပေး ဆိုင်းဘုတ်ထောင်ခြင်း၊ နယ်နမိတ် သတ်မှတ်ခြင်း ဘေးမဲ့ကာကွယ်တော အတွင်း ခုတ်ထွင်ရှင်းလင်း တူးဆွခြင်း မပြုလုပ်ရန် တားမြစ်သွားမည်ဖြစ်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ ၃၆ (ဂ) နှင့် ထိထိရောက်ရောက် အရေးယူ သွားဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့ပေါ်ရှိ သောတပန်၊ ပါရမီ၊ ဇေယျာကွက်သစ်၊ ဇေယျာတိုးချဲ့၊ ရွှေမင်းဝံ၊ ပတ္တမြားရပ်ကွက်နှင့် စစ်ကိုင်းမြို့နယ်ရှိ မင်းဝံတောင်ရိုးတစ်လျှောက် ကျေးရွာ ၃၆ အားမင်းဝံတောင် ဘေးမဲ့ကာကွယ်တော အတွင်းမှ ပယ်ဖျက်သွားမည်ဖြစ်ပြီး မင်းဝံတောင် ဘေးမဲ့ကာကွယ်တောအတွင်း ဘုန်ကြီးကျောင်း ၉၉၄ ကျောင်း၊ သီလရှင်ကျောင်း ၄၂၁ ကျောင်း၊ စေတီပုထိုးပေါင်း ၁၄၇၆ ရှိပြီး အဆိုပါ သာသနိက အဆောက်အအုံ များကိုလည်း မင်းဝံတောင် ဘေးမဲ့တော ဧရိယာမှ ပယ်ဖျက်သွားမည်ပြီး ဧရိယာအသစ် ပြန်လည်သတ်မှတ်ရာတွင် ရေခါးကို ထည့်သွင်းသတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့ ကိုးပေတံတားအနီးမှ စတင်ကာ မင်းဝံတောင်ရိုးတစ်လျှောက် စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာအနီးထိ မင်းဝံတောင် ဘေးမဲ့ကာကွယ်တောအဖြစ် ၁၉၅၀ ကျော်က အစိုးရမှ သတ်မှတ်ခဲ့ပြီး ခေတ်အဆက်ဆက် မြို့တိုးချဲ့ခြင်း၊ သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေယာဖော်ဆောင်ခြင်း၊ စက်မှုဇုန် တည်ဆောက်ခြင်း၊ တက္ကသိုလ်ကျောင်း တည်ဆောက်ခြင်းတို့ကြောင့် မင်းဝံတောင် ဘေးမဲ့ကာကွယ်တောမှာ ဧရိယာ တဖြည်းဖြည်း လျော့နည်းပျောက်ကွယ် လာခဲ့ရကြောင်း သိရသည်။

Most Read

Most Recent