ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း၏ အမှုတွဲစာချွန်တော်အား ယင်းမာပင်မြို့နယ် တရားရုံးနှင့် ဆားလင်းကြီးမြို့နယ် တရားရုံးတို့ လက်ခံ

ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း၏ အမှုတွဲစာချွန်တော်အား ယင်းမာပင်မြို့နယ် တရားရုံးနှင့် ဆားလင်းကြီးမြို့နယ် တရားရုံးတို့ လက်ခံ
Published 16 September 2017

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဦးခေါင်းအား သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း၏ အမှုတွဲစာချွန်တော်အား ယင်းမာပင်မြို့နယ် တရားရုံးနှင့် ဆားလင်းကြီးမြို့နယ် တရားရုံးတို့က စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် လက်ခံလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာများအား တိုးချဲ့ခြံစည်းရိုးခတ်နေချိန်တွင် မြေယာလျော်ကြေး ရယူထားခြင်းမရှိသည့် ဒေသခံများက ကန့်ကွက်တားဆီးရာကနေ ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခတင်းမာခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဘက်မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သောကြောင့် မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းမှာ ဦးခေါင်းပွင့်ထွက်ကာ နေရာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပြည်ထောင်စုကနေပြီးတော့ ဒေါ်ခင်ဝင်းကိစ္စနဲ့ ပတ်သက်ပြီး အမြန်ချောနဲ့ စက်တင်ဘာ ၁၄ ရက် ညနေကရောက်တယ်။ စက်တင်ဘာ ၁၅ ရက်မှ သက်ဆိုင်ရာမြို့နယ် တရားရုံးနှစ်ခုကို မပို့လို့ရှိရင် ဒေါ်ခင်ဝင်းအမှုကို ပလပ်မယ်လို့ ပြောတယ်ရှင့်။ အဲဒီအတွက် ညီမတို့က ယင်းမာပင်တရားရုံးကို အရင်လာပို့တာပါ။ အခု ညီမတို့က တရားသူကြီးနဲ့ တွေ့ပြီးပြီပေါ့နော်။ တရားသူကြီးကတော့ ဒီနေ့မှရောက်တဲ့ အမှုတွဲဖြစ်တဲ့အတွက်၊ ရက်ကလည်း ဒီနေ့ဖြစ်နေတဲ့အတွက်၊ ဒီနေ့စစ်ရမှာ ဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကြိုးစားပေးမယ်၊ သူတို့အနေနဲ့ နောက်ပိုင်းကိစ္စတွေတော့ သူတို့ရုံးအချင်းချင်း ချိတ်ဆက်မယ်လို့ ပြောတယ်ရှင့်။ နောက်ထပ်ရက်ချိန်းကို ယူသင့်ရင်ယူမယ်လို့ ပြောတယ်ရှင့်။ ခရိုင်ရဲတပ်ဖွဲ့မှူးတွေ၊ နောက်တစ်ခုက မြို့နယ်ဥပဒေ အရာရှိတွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ စစ်ရမှာဖြစ်တဲ့အတွက် သူတို့အနေနဲ့ တတ်နိုင်သလောက် ဆင့်ခေါ်ပေးမယ်လို့ ပြောလိုက်တယ်ရှင့်” ဟု ဒေါ်ခင်ဝင်း၏တူမဖြစ်သူ မဇာခြည်လင်းက ပြောကြားသည်။

ဦးခေါင်းအား သေနတ်ထိမှန်သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း၏အမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ဥပဒေအရာရှိတို့၏ သဘောထားမှတ်ချက်ဖြင့် ဆားလင်းကြီးမြို့နယ်ရဲစခန်းက ယင်းအမှုအား ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်က ရုပ်သိမ်းခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကလည်း မြေသိမ်းခံလက်ပံတောင်းတောင် ဒေသခံများသည် ကြေးနီစီမံကိန်းအား ကန့်ကွက် ဆန္ဒပြခဲ့ကြသည့်အတွက် လုံခြုံရေးရဲတပ်ဖွဲ့က မီးလောင်ဗုံးဖြင့် သပိတ်စခန်းအား ဖြိုခွင်းနှိမ်နင်းခဲ့သောကြောင့် သံဃာတော်အပါး ၁၀၀ မှာလည်း မီလောင်ဗုံးဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စတင်လုပ်ဆောင်မည့်အချိန်၌ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေဧက ၇၀၀၀ ကျော်အား သိမ်းဆည်းခဲ့ကြောင်း လက်ပံတောင်းတောင်ဒေသခံများသည် အစီရင်ခံစာပါ အစားထိုးမြေဧက ၁၉၀၀ အား ဖော်ထုတ်ပေးရေး၊ မြေသိမ်းလျော်ကြေး မယူထားသည့် သိမ်းဆည်းခံမြေယာများအတွက် သီးနှံလျော်ကြေးပေးရေး၊ ကြေးနီစီမံကိန်းလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီမရှိဘဲ ကြေးနီထုတ်ယူနေမှုအား လုံးဝရပ်ဆိုင်းပေးရေး၊ လက်ပံတောင်းတောင်ဒေသအတွင်း ကြေးနီစီမံကိန်းကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွားဘ၀ တည်ဆောက်ပေးရေးဆိုသည့် အချက်များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထံ ဆန္ဒပြ တောင်းဆိုနေသော်လည်း အဆိုပါအချက်များအား ထိရောက်သည့် အဖြေတစ်စုံတစ်ရာ ယနေ့အထိ မတွေ့ရှိရသေးကြောင်း သိရသည်။

ဦးခေါင်းအား သေနတ်ထိမှန် သေဆုံးခဲ့သည့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း၏ အသုဘအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် လက်ပံတောင်းတောင်ဒေသခံ ၁၀၀၀ ကျော်က လိုက်ပါပို့ဆောင်ခဲ့ကြပြီး ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းအား မိုးကြိုးပြင် ကျေးရွာ၏ အနောက်ဘက်သုသာန်တွင် အုတ်ဂူသွင်း သြင်္ဂိုဟ်ခဲ့ကြကြောင်း သိရသည်။