မြန်မာ့မီးရထားက ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ရန်ကုန်-မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှစ်ခုတွင် ပထမဆုံးလုပ်ဆောင်မည်

မြန်မာ့မီးရထားက ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ရန်ကုန်-မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှစ်ခုတွင် ပထမဆုံးလုပ်ဆောင်မည်
Published 13 September 2017

ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ရထားလမ်းပိုင်း တစ်နေရာတွင် ပြုလုပ်နေစဉ်

မြန်မာ့မီးရထားက ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ရန်ကုန်-မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှစ်ခုတွင် ပထမဆုံး လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သတင်းရရှိသည်။

ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား နိုင်ငံတကာ နည်းပညာဖြင့် ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ တင်ဒါအောင်မြင်ခဲ့ပြီး တရုတ်နှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ တရုတ်နိုင်ငံမှ စက်ပစ္စည်းများကို အသုံးပြု အဆင့်မြှင့်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။

မီးရထားသံလမ်းများကို သုံးချောင်းဆက်ခြင်း၊ ခြောက်ချောင်းဆက်ခြင်းနှင့် ကိုးချောင်းဆက်ခြင်းများ စမ်းသပ်ဆောင်ရွက်ခဲ့ပြီး အဆင်အပြေဆုံး နည်းလမ်းဖြစ်သည့် သံလမ်း ကိုးချောင်းဆက်များ တပ်ဆင်နေခြင်းဖြစ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်မှုများ ပြီးဆုံးပါက ရထားပြေးဆွဲမှုမှာ ပိုမိုငြိမ့်ညောင်းစွာ သွားလာနိုင်မည့်အပြင် သံလမ်းအဆက်များတွင် ခုန်ဆောင့်မှုများ သက်သာခြင်း၊ သံလမ်းဆက်များအား မကြာခဏ ပြုပြင်နေရမှုများလည်း သက်သာစေမည်ဖြစ်ကာ စက်ခေါင်းနှင့် တွဲများ ပျက်စီးမှုမှ ကာကွယ်နိုင်မည်ဟု သိရသည်။

“အရင်တုန်းက သံလမ်းတစ်မိုင်မှာ သံလမ်း ၁၃၆ ချောင်း၊ အဆက်က ၂၇၂ ဆက်၊ မူလီ ၁၀၈၈ လုံးရှိပြီး အခုကျွန်တော်တို့ ကိုးချောင်းဆက် ဆက်ခြင်းအားဖြင့် တစ်မိုင်မှာ သံလမ်း ၁၅ ချောင်း၊ အဆက် ၃၀၊ မူလီလုံး ၁၂၀ ရာခိုင်နှုန်းအားဖြင့် အဆက်မှာ တော်တော်လေး လျော့သွားပါတယ်။ အရင်တုန်းက ၃၉ ပေ သံလမ်းတစ်ဆက်တိုင်းမှာ ပြုပြင်ထိန်းသိမ်းတာရယ်၊ ပြုပြင်ထိန်းသိမ်းတာ ပုံမှန်မဖြစ်တာရယ် အမြဲတမ်း အဆက်တိုင်း အဆက်တိုင်းမှာ ခုန်ဆောင့်တဲ့ ပြဿနာတွေ ဖြစ်ပေါ်တယ်။ အခုကျတော့ ခုန်ဆောင့်တာ လုံးဝပျောက်သွားတယ်။ ဒါကတော့ ကိုးချောင်းဆက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ကိုးချောင်းဆက်ခြင်းအားဖြင့် စက်ခေါင်းတွေ၊ တွဲတွေလည်း သက်တမ်းပိုရှည်သွားတယ်။ စက်ခေါင်းတွေ တွဲတွေလည်း ခုန်ဆောင့်တဲ့ ဒဏ်ကို မခံရတဲ့အတွက် ပိုမိုကြံ့ခိုင်ပြီး သက်တမ်းပိုရှည်နိုင်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးချောင်းဆက်သံလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ပဲခူးနှင့် စစ်တောင်း၊ စစ်တောင်းနှင့် ကျိုက်ထိုကြား သံလမ်းများတွင် လည်းကောင်း၊ ဝေါတွင်အခြေပြုကာ တောင်စွန်းအထိ ၆၂ မိုင် အရှည်ရှိ သံလမ်းများတွင်  ဆောင်ရွက်ပြီးဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် ပေါင်တွင်အခြေပြု၍ မော်လမြိုင်၊ သံဖြူဇရပ်မြို့များအထိ လုပ်ဆောင်သွားမည်ဟု သိရသည်။

လက်ရှိ ကိုးချောင်းဆက် သံလမ်းဆက်ခြင်း လုပ်ငန်းအား Rain Link ကုမ္ပဏီက လုပ်ဆောင်နေပြီး နောက်ဆုံးအချောသတ် လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိတွင် ပဲခူးမှ စစ်တောင်းအထိ ၃၂ မိုင်၊ စစ်တောင်းမှ တောင်စွန်းအထိ ၃၂ မိုင် စုစု ပေါင်း ၆၄ မိုင်အား ကိုးချောင်းဆက်သံလမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တောင်စွန်းမှ မိုင်၂၀ အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။