ဘင်္ဂါလီများအား ကာကွယ်ရန် နယ်စပ်အနီးတွင် ကုလသမဂ္ဂက ထောက်ခံသည့် ဘင်္ဂါလီဘေးကင်းဇုန်တစ်ခု တည်ထောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ်သမ္မတ တိုက်တွန်းပြောကြား

ဘင်္ဂါလီများအား ကာကွယ်ရန် နယ်စပ်အနီးတွင် ကုလသမဂ္ဂက ထောက်ခံသည့် ဘင်္ဂါလီဘေးကင်းဇုန်တစ်ခု တည်ထောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ်သမ္မတ တိုက်တွန်းပြောကြား
Published 12 September 2017

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီများ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အား ကာကွယ်ရန် နယ်စပ်အနီးတွင် ကုလသမဂ္ဂက ထောက်ခံသည့် ဘေးကင်းဇုန်တစ်ခု တည်ထောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ် သမ္မတ မတ်အက်ပ်ဒူဟာမစ်က တိုက်တွန်း ပြောကြားခဲ့ကြောင်း www. bdnews24.com ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၀ ရက် က ဖော်ပြထားချက်အရ သိရသည်။

စက်တင်ဘာ ၁၀ ရက်က ကာဇာကစ္စတန်နိုင်ငံတွင် ကျင်းပသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ထိပ်သီးအစည်းအဝေး ခေတ္တနားချိန်အတွင်း တူရကီသမ္မတ တေယစ်အာဒိုဂန်နှင့် နှစ်နိုင်ငံတွေ့ဆုံပွဲတွင် ဘင်္ဂလားဒေ့ရှ် သမ္မတက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုလသမဂ္ဂက ထောက်ခံသည့် ယာယီဘေးကင်းဇုန်တစ်ခု တည်ထောင်ရာတွင် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် အခြား အဖွဲ့အစည်းများက ကူညီရန် ဘင်္ဂလားဒေ့ရှ်သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သမ္မတ၏ ပြန်ကြားရေး အတွင်းဝန်က ပြောကြားခဲ့သည်။

ဘင်္ဂါလီများအား ခိုလှုံခွင့်ပေးနိုင်ရန် နေရာတစ်နေရာကိုလည်း ဘင်္ဂလားဒေ့ရှ် အနေဖြင့် လတ်တလော ရှာဖွေနေကြောင်း သမ္မတက ပြောကြားခဲ့သည်ဟု သမ္မတ၏ ပြန်ကြားရေးအတွင်းဝန်က ဆိုသည်။

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မြန်မာနိုင်ငံကို ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် နိုင်ငံအရှေ့တောင်ပိုင်းရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ စက်တင်ဘာ ၁၂ ရက် တွင် သွားရောက် ကြည့်ရှုမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက် ရှိကြောင်းနှင့် အကြမ်းဖက်မှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် ဘင်္ဂါလီဦးရေသည် ၁၆၄၀၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၇ ရက် က ပြောကြားခဲ့သည်။

အာစာ အစွန်းရောက် အကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ရခိုင်ပြည်နယ် မြောက်ခြမ်းရှိ နယ်ခြားစောင့် ရဲစခန်းများအား ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင်၊ သဲချောင်း၊ မီးတိုက်ကျေးရွာ အုပ်စုများနှင့် တောင်ပြိုလက်ဝဲမြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်တို့ရှိ ဒေသ နေထိုင်သူများမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၁ မှ ၃၂ အကြားအနီးတွင် လူဦးရေ ၁၂၀၀ ခန့်၊ နယ်စပ်မှတ်တိုင် ၃၂ မှ ၃၃ အကြားအနီးတွင် လူဦးရေ ၁၁၀၀၀ ခန့်၊ နယ်စပ်မှတ်တိုင် ၃၄ မှ ၃၅ အကြားအနီးတွင် လူဦးရေ ၁၈၀၀၀ ခန့် ယာယီတဲများဖြင့် တရားမဝင် သွားရောက် နေထိုင်လျက်ရှိကြောင်း သိရသည်ဟု သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက “ယခင် ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသား ဖြစ်တယ်လို့ အထောက်အထား ပြနိုင်ရင်သော် လည်းကောင်း၊ ဒီဘက်နိုင်ငံမှာ ဘယ်နှနှစ် နေခဲ့ဖူးတယ်လို့ အထောက်အထား ပြနိုင်ရင်သော် လည်းကောင်း အဲဒါကို စိစစ်ပါတယ်။ အဲဒီစိစစ်မှု ပြီးတော့မှ တစ်ဦးချင်း စိစစ်ပြီးတော့မှ မှန်ကန်တယ်ဆိုရင်တော့ ပြန်ခေါ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီအတိုင်း လုပ်ဖို့ရှိပါတယ်။ သူတို့အနေနဲ့ သာဓကပြနိုင်ရင် မြန်မာနိုင်ငံသားလား၊ မြန်မာနိုင်ငံသား မဟုတ်ဘူး ဆိုရင်တော့လည်း ပြန်ခေါ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့” ဟု သတင်းထောက်များအား ပြောကြားထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ အာစာ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာစာ အစွန်းရောက် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရကြောင်း၊ အလားတူ အာစာ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဒေသခံ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဘင်္ဂါလီ ခုနစ်ဦး စုစုပေါင်း၂၈ ဦး သေဆုံးခဲ့ရကြောင်း၊ အာစာ အစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ်-တပ်မတော်) အသေရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့သည်။

Most Read

Most Recent