မွမ်ဘိုင်းတွင် လေးထပ်အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံး

မွမ်ဘိုင်းတွင် လေးထပ်အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၁၂ ဦး သေဆုံး
Published 1 September 2017

သြဂုတ် ၃၁ ရက်က မွမ်ဘိုင်းရှိ အဆောက်အအုံပြိုကျသည့်နေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်

အိန္ဒိယဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သြဂုတ် ၃၁ ရက်တွင် လေးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၁၂ ဦးထက်မနည်းသေဆုံးကာ ဒါဇင်နှင့်ချီ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ လူဦးရေ ထူထပ်သော Bhendi Bazaar ဒေသတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ပြိုကျခဲ့သော ယင်းအဆောက်အအုံမှ အပျက်အစီးများတွင် ကယ်ဆယ်ရေးများက ပိုက်စိပ်တိုက် တူးဖော်ရှာဖွေခဲ့ကြသည်။

ယင်းဖြစ်စဉ်သည် အိန္ဒိယတွင် ဆောက်လုပ်ရေးစည်းမျဉ်းများ ဆိုးရွားနိမ့်ကျမှုကို မီးမောင်းထိုးပြခဲ့သည့် လူသေဆုံးမှုရှိသော နောက်ဆုံးအဆောက်အအုံ ပြိုကျမှုဖြစ်လာခဲ့ပြီး မြို့ထဲတွင် သေဆုံးသူ ၁၀ ဦးရှိခဲ့သော  မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့အပြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မွမ်ဘိုင်းတွင် အဆောက်အအုံပြိုကျမှုများသည် အထူးသဖြင့် ဇွန်လကုန်မှ စက်တင်ဘာအထိ ရှည်ကြာသော မုတ်သုံရာသီတွင် ပုံမှန်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ မွမ်ဘိုင်းတွင် သြဂုတ် ၂၉ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မွမ်ဘိုင်းတစ်ဝန်းနှင့် အိမ်နီးချင်းသာနီဒေသတို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။ ရေများ ပြန်ကျသွားသော်လည်း ရေလွှမ်းမိုးမှုမှ သေဆုံးသူအရေအတွက်သည် မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားစဉ် ယင်းကဲ့သို့ လူနေအဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်သည်။

ညစ်ပတ်သော ကိုလိုနီခေတ်ဈေးတစ်ခု ဖြစ်သော Bhenid Bazaar သည် မွမ်ဘိုင်း၏  သမိုင်းဝင်ခရိုင်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။ လတ်တလောတွင် သက်တမ်းဆယ်စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သော အထပ်နိမ့် အဆောက်အအုံများနှင့် ရာနှင့်ချီသော ခနော်ခနဲ့ ဆိုင်ခန်းများအား အဆောက်အအုံသစ် တစ်ဒါဇင်ခန့်ဖြင့် အစားထိုးမည့် ဒေါ်လာသန်း ၆၀၀ တန်ဖိုးရှိ ပြန်လည်တည်ဆောက်ရေးစီမံကိန်းကို လုပ်ဆောင်နေသည်။

မွမ်ဘိုင်းတွင် မကြာသေးမီနှစ်များအတွင်း ဖြစ်ကတတ်ဆန်း ဆောက်လုပ်မှုများ၊ အရည်အသွေးညံ့ပစ္စည်းများ သုံးစွဲမှုများ သို့မဟုတ် အဆောက်အအုံများ သက်တမ်းကြာမြင့်လာမှုများကြောင့် အဆောက်အအုံပြိုကျမှုများ အမြဲလိုလို ဖြစ်ပွားခဲ့သည်။ အိမ်ခြံ မြေဈေးနှုန်းများ မြင့်တက်မှုနှင့် ဆင်းရဲသားများအတွက် အိမ်ရာစီမံကိန်းမရှိခြင်းကြောင့် လူသန်းနှင့်ချီသည် ကျဉ်းကျုတ်သော ခနော်ခနဲ့အိမ်များတွင် နေထိုင်ခဲ့ကြရသည်။

ပြီးခဲ့သောဇူလိုင်တွင် မြောက်ပိုင်း ဆင်ခြေဖုံး Ghatkopar ၌ လေးထပ်အဆောက် အအုံတစ်လုံး ပြိုကျခဲ့ရာ အသက်သုံးလသားအရွယ် ကလေးတစ်ဦးအပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

၂၀၁၃ ခုနှစ်ကလည်း မွမ်ဘိုင်းတွင် လူနေအဆောက်အအုံကြီးတစ်လုံး ပြိုကျခဲ့ရာ လူ ၆၀ သေဆုံးခဲ့ပြီး မွမ်ဘိုင်းတွင် အဆိုးရွားဆုံး အဆောက်အအုံ ပြိုကျမှုဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

Ref း AFP