စတော်ဘယ်ရီထဲ၌ အပ်ထည့်သည့်ကိစ္စသည် အကြမ်းဖက်မှုမြောက်သည်ဟု သြစတြေးလျဝန်ကြီးချုပ် ပြောကြား

စတော်ဘယ်ရီထဲ၌ အပ်ထည့်သည့်ကိစ္စသည် အကြမ်းဖက်မှုမြောက်သည်ဟု သြစတြေးလျဝန်ကြီးချုပ် ပြောကြား
Published 20 September 2018

Photo: AFP

စူပါမားကတ်များပေါ်တွင် တင်ရောင်းသော စတော်ဘယ်ရီများထဲ၌ အပ်များထည့်သွင်းခြင်းသည် အကြမ်းဖက်မှုနှင့် တန်းတူ သတ်မှတ်နိုင်သည်ဟု သြစတြေးလျဝန်ကြီးချုပ်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံးကို စိုးရိမ်ထိတ်လန့်စေသည့် ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် ယင်းကဲ့သို့ အမှုများကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ပေးရန်လည်း ဝန်ကြီးချုပ် စကော့မော် ရစ်ဆင်က တောင်းဆိုခဲ့သည်။

သို့သော် အကျပ်အတည်းဆိုက်နေသော လယ်သမားများကို ကူညီရန်အတွက် ယခုသီတင်းပတ်ကုန်ရက်တွင် စတော်ဘယ်ရီ Pavlova မုန့်တစ်ခု (သြစတြေးလျအချိုမုန့် တစ်မျိုး) လုပ်စားကြရန် ဝန်ကြီးချုပ်က ပြည်သူများကို တိုက်တွန်းခဲ့သည်။ စတော်ဘယ်ရီသီးများထဲတွင် အပ်ချုပ်အပ် သို့မဟုတ် ပင်အပ်များကို တွေ့ရှိပြီးနောက် မော်ရစ်ဆင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူသည် သူရဲဘောကြောင်သူ၊ ပေါက်လွှတ်ပဲစားတစ်ဦးဖြစ်သည်ဟု ဝန်ကြီးချုပ်က ခေါ်ဆိုသည်။ ယင်းကဲ့သို့ အစားအသောက်များကို ရည်ရွယ်ချက်ရှိရှိ ညစ်ညမ်းစေသောအမှုများ၌ ကျူးလွန်သူများအပေါ် ချမှတ်သည့် အမြင့်ဆုံးထောင်ဒဏ်ကို ၁၀ နှစ်မှ ၁၅ နှစ်သို့ အလျင်အမြန် တိုးမြှင့်ကြရန်လည်း ပါလီမန်ကို ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

ထိုသို့တိုးမြှင့်နိုင်လျှင် ယင်းရာဇဝတ်မှုသည် အသက်မပြည့်သေးသူတို့ ပါဝင်သည့် အပြာရုပ်ရှင်များအား လက်ဝယ်ပိုင်ဆိုင်မှု၊ အကြမ်းဖက်မှုအား ငွေကြေးပံ့ပိုးမှု အစရှိသည့် အမှုများနှင့် တန်းတူဖြစ်သွားမည်ဖြစ်ကြောင်း၊ ထိုမျှလောက် ယခုကိစ္စကို ပြင်းထန်သည်ဟု ယူဆကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။

အလန့်တကြားဖြစ်မှုများကြောင့် စူပါမားကတ်များပေါ်မှ စတော်ဘယ်ရီများကို ပြန်သိမ်းရသည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည့်အပြင် နယူးဇီလန်ရှိအချို့သော ဈေးဆိုင်များတွင် သြစတြေးလျ စတော်ဘယ်ရီရောင်းချမှုကို ယာယီ ပိတ်ပင်ထားသည်။

ထို့ကြောင့် အရောင်းများကျလာသည့်အပြင် လက်ကားဈေးနှုန်းများလည်း ကျဆင်းလာသဖြင့် လယ်သမားများသည် မတတ်သာဘဲ သစ်သီးများကို အနှစ်လုပ်ပစ်လိုက်ရခြင်း၊ အသီးဆွတ်ခူးသူများကို အလုပ်နားထားရခြင်းတို့ လုပ်ဆောင်နေရသည်။

“အရင်တုန်းကလိုပဲ စတော်ဘယ်ရီတွေကို ပြန်သွားဝယ်လိုက်ပါ။ သတိလေးထားရုံပါပဲ” ဟု မော်ရစ်ဆင်က သြစတြေးလျများကို ရုပ်သံမိန့်ခွန်းတစ်ခုမှနေပြီး ပြောကြားခဲ့သည်။ ယင်းနောက် မော်ရစ်ဆင်၏ ဇနီးဂျန်သည် ၎င်းတို့နေအိမ်၌ တော်ဘယ်ရီ Pavlova မုန့်အား လုပ်ပြနေသည့် ဗီဒီယိုတစ်ခုကို ပြသခဲ့သည်။ အာဏာပိုင်များကမူ ပြည်သူများကို စတော်ဘယ်ရီများအား မစားမီထက်ခြမ်းခွဲကြရန် အကြံဉာဏ်ပေးခဲ့သည်။

ယခုဖြစ်စဉ်များ၏ လက်သည်ကို ရှာနေဆဲဖြစ်သလို လုပ်ဆောင်ရသည့်အကြောင်းရင်းကိုလည်း မသိရှိသေးဟု ရဲများက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ ပြည်သူများကို ကူညီပေးရန် တောင်းဆိုထားပြီး ဆုကြေးငွေကို ထပ်မံတိုးမြှင့်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

တစ်ဖက်တွင်လည်း အာဏာပိုင်များသည် စနောက်မှုများစွာနှင့်လည်း ကြုံနေရသည်။ ထို့ကြောင့် Facebook ပေါ်တွင် အပ်ပါသည့် အသီးများတွေ့သည်ဟု နောက်ပြောင်တင်သူများသည်လည်း တရားစွဲခံရကာ ထောင်ကျနိုင်သည်ဟု ရဲများက သတိပေးနေကြသည်။

Ref: AFP

Most Read

Most Recent