တောင်ကိုရီးယားက ဒုံးကျည်ပစ်ခတ်နိုင်သည့် ပထမဆုံး ရေငုပ်သင်္ဘောကို ရေချ

တောင်ကိုရီးယားက ဒုံးကျည်ပစ်ခတ်နိုင်သည့် ပထမဆုံး ရေငုပ်သင်္ဘောကို ရေချ
Published 15 September 2018

စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားတောင်ပိုင်းကျွန်းစု ဂီယိုဂျီ၌ သင်္ဘောကျင်းတွင် ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောကို ရေချနေစဉ် (Photo -AFP)

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနှင့် လတ်တလောတွင် သံတမန်ဆက်ဆံရေး ပြေပြစ်လာသော်လည်း တောင်ကိုရီးယားက  ဒုံးကျည်ပစ်ခတ်နိုင်သည့် ပထမဆုံးရေငုပ်သင်္ဘောကို စက်တင်ဘာ ၁၄ ရက်တွင် ရေချခဲ့သည်။

ဒေါ်လာသန်း ၇၀၀ ကုန်ကျခံခဲ့သည့် တန် ၃,၀၀၀ ရှိသော Dosan Ahn Changho ရေငုပ်သင်္ဘောသည် ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည်နှစ်မျိုးစလုံး သယ်ဆောင်ပစ်ခတ်နိုင်သည်။ ယင်းရေငုပ်သင်္ဘောသည် လာမည့်ငါးနှစ်အတွင်း တာဝန်ထမ်းဆောင်ရန် စီစဉ်ထားသည့် ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး သင်္ဘောသုံးစင်းအနက် ပထမဆုံး သင်္ဘောဖြစ်သည်။ ယင်းရေငုပ်သင်္ဘောသည် ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍတွင် တိုးတက်မှုကို ကိုယ်စားပြုသည်ဟု ယင်းရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် ဒေဝူးသင်္ဘော ကျင်းတွင်ပြုလုပ်သည့် ရေချအခမ်းအနား၌ သမ္မတမွန်းဂျေအင်းက ပြောကြားခဲ့သည်။

နျူကလီးယား လက်နက်စွန့်လွှတ်ရန်အတွက် မြောက်ကိုရီးယားကို ဖျောင်းဖျရန် အမေရိကန်က ဦးဆောင်ပြီးကြိုးစားနေစဉ် မွန်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် လာမည့် သီတင်းပတ်တွင် ပြုံယမ်းသို့ သွားရောက်မည် ဖြစ်သည်။

“ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လက်နက်ကင်းစင်ရေးကို ဦးတည်မယ့် ဧရာမခရီးတစ်ခုကို ကျွန်တော်တို့ စတင်ခဲ့တယ်” ဟု မွန်းက ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောအသစ်တွင် ဒေါင်လိုက်ဒုံးပစ်လွှတ်သည့် ကျည်တောင့်ခြောက်ခု တပ်ဆင်ထားပြီး ပြည်တွင်းထုတ် အသံလှိုင်းဖြင့် ရေအောက်ဝတ္ထုတို့၏ တည်နေရာကို ရှာဖွေသောကိရိယာနှင့် တိုက်ခိုက်မှုစီမံခန့်ခွဲသည့် စနစ်များပါဝင်သည်။

သင်္ဘောအသစ်များအပြင် တောင်ကိုရီးယားတွင် အသေးစားရေငုပ်သင်္ဘော ၁၈ စင်း ပါဝင်သည့် ရေတပ်သင်္ဘောတပ်စုတစ်စု ရှိထားပြီးဖြစ်သည်။ ယင်းအသေးစား ရေငုပ်သင်္ဘောများကို ဂျာမနီနှင့် ပူးတွဲတည်ဆောက်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားတွင် သက်တမ်းရင့် ရေငုပ်သင်္ဘောများနှင့် ရေငုပ်သင်္ဘော  အစင်းရေ ၇၀ ရှိသည်ဟု သိရသည်။ မြောက်ကိုရီးယားသည်လည်း ဒေါင်လိုက် ဒုံးပစ်လွှတ်သည့် စနစ်တပ်ဆင်မည့် တန် ၂,၅၀၀ ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ထားသည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Ref ; AFP