ဖလော့ရင့်ဟာရီကိန်း ချဉ်းကပ်လာစဉ် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း၌ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်း

ဖလော့ရင့်ဟာရီကိန်း ချဉ်းကပ်လာစဉ် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း၌ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်း
Published 15 September 2018

စက်တင်ဘာ ၁၃ ရက်တွင် နော့ကယ်ရိုလိုင်းနားရှိ အဗာလွန်ငါးဖမ်းဆိပ်ကမ်း၌ လှိုင်းလုံးများရိုက်ခတ်နေမှုကို တွေ့ရစဉ် (Photo - AP)

တစ်သက်တွင် တစ်ကြိမ်သာ ကြုံရမည်ဟု တာဝန်ရှိသူများက သတိပေးထားသည့် အန္တရာယ်ကြီးသော ဖလော့ရင့်ဟာရီကိန်းသည် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းသို့ နီးကပ်လာစဉ် စက်တင်ဘာ ၁၄ ရက် အစောပိုင်း၌ ကာရိုလိုင်းနားတွင် လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။

ဖလော့ရင့်သည် အဆင့်-၁ မုန်တိုင်းအဖြစ်သို့ အားလျော့သွားပြီး မကြာသေးမီရက်များကထက် ရွေ့လျားမှုအရှိန်လျော့သွားခဲ့ကာ စက်တင်ဘာ ၁၄ ရက်၌ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေစဉ် နော့ကယ်ရိုလိုင်းနားတွင် ကမ်းရိုးတန်းရှိ လမ်းများ၌ ရေလွှမ်းခဲ့ပြီး လေပြင်းများကြောင့် သစ်ပင်များ ယိမ်းနွဲ့နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မုန်တိုင်းအနားသတ်က နီးကပ်လာစဉ်  နော့ကယ်ရိုလိုင်းနားတွင် သုံးစွဲသူ ၁၅၀၀၀၀ ကျော်သည် လျှပ်စစ်မီးမရဘဲ နေထိုင်နေရကြောင်း သိရသည်။ မုန်တိုင်းကြောင့် လှိုင်းလုံးများသည် ဆိပ်ခံတံတားများကို ရိုက်ခတ်နေပြီး ပင်လယ်ကမ်းခြေများတွင် လမ်းများတစ်လျှောက် ရေလွှမ်းနေကြောင်း အမေရိကန်ရုပ်သံများက ထုတ်လွှင့်ခဲ့ကြသည်။

အန္တရာယ်ကြီးမားသော ထိုမုန်တိုင်းသည် နော့ကယ်ရိုလိုင်းနားကမ်းရိုးတန်း၌ ရုတ်တရက် အရှိန်မြင့်တက်ပြီး ဟာရီကိန်း ပြင်းအားရှိ လေပြင်းများတိုက်ခတ်နေကြောင်း၊ မုန်တိုင်းသည် နော့ကယ်ရိုလိုင်းနားပြည်နယ် ဝီမင်တန်အရှေ့ဘက်မှ ၃၅ မိုင်ခန့်အကွာရှိ အတ္တလန္တိတိတ်သမုဒ္ဒရာပေါ်တွင် ရှိနေပြီး အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ခြောက်မိုင်နှုန်းဖြင့် ရွေ့လျားနေကြောင်း မိုင်ယာမီအခြေစိုက် ဟာရီကိန်းစင်တာ (NHC) က ထုတ်ပြန်ခဲ့သည်။

ထိုမုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံးအဖြစ် တစ်နာရီလျှင် မိုင် ၉၀ အထိ တိုက်ခတ်နိုင်ပြီး ယခုအခါ မုန်တိုင်းအင်အားပြင်းထန်မှုအဆင့် ငါးဆင့်အနက် အားအနည်းဆုံးအဆင့်သို့ လျော့ကျသွားပြီဖြစ်သည်။ စက်တင်ဘာ ၁၃ ရက် အစောပိုင်းတွင် ကမ်းရိုးတန်းတစ်လျှောက်၌ လေပြင်းများတိုက်ခတ်နေစဉ် မုန်တိုင်းဖြတ်သန်းမည့် လမ်းကြောင်းတွင် ရှိနေသည့် ဒေသခံများကိုဘေး လွတ်ရာသို့ ထွက်ခွာကြရန် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများက နောက်ဆုံးအကြိမ် မေတ္တာရပ်ခံခဲ့ကြသည်။

မုန်တိုင်းက ဖျက်ဆီးမှုများကို ဆောင်ယူလာမည်ဖြစ်ကြောင်း၊ ဆိုးရွားသော သက်ရောက်မှုများ ခံစားရမည်ဖြစ်ကြောင်း နော့ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး ရိုင်းကူးပါးက ပြောကြားခဲ့သည်။ ဝီမင်တန်တွင် မိုးသည် တဖြည်းဖြည်းရွာသွန်းနေပြီး လေပြင်းများအဆက်မပြတ် တိုက်ခတ်နေကာ သစ်ပင်များသည် ယိမ်းခါနေခဲ့သည်။

ရွေ့လျားမှုအရှိန်လျော့သွားသော ဖလော့ရင့်သည် ကယ်ရိုလိုင်းနားသို့ အမေရိကန်စံတော်ချိန် စက်တင်ဘာ ၁၄ ရက် မွန်းလွဲ သို့မဟုတ် ညနေ သို့မဟုတ် စက်တင်ဘာ ၁၅ ရက် နံနက်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်ကြောင်း အမျိုးသားသမုဒ္ဒရာနှင့်  လေထုစီမံခန့်ခွဲရေးအဖွဲ့မှ စတိဂိုးစတိန်းက ပြောကြားခဲ့သည်။ ဟာရီကိန်းပြင်းအားရှိ လေပြင်းများသည် မုန်တိုင်းဗဟိုချက်မှနေ၍ မိုင် ၈၀ အထိ တိုးမြှင့်တိုက်ခတ်နိုင်ပြီး အပူပိုင်းမုန်တိုင်းပြင်းအားရှိ လေပြင်းများသည် မိုင် ၂၀၀ နီးပါးအထိ တိုက်ခတ်နိုင်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် ဒေသအချို့တွင် မိုးရေချိန် လက်မ ၄၀ အထိ ရွာသွန်းနိုင်ပြီး ဆိုးရွားသော ရေလွှမ်းမိုးမှုနှင့်  ကြာမြင့်သော ဧရာမမြစ်ရေတက်မှုဖြစ်ပေါ်နိုင်ကြောင်း NHC  က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Ref; AFP

Most Read

Most Recent