ရေဘေးအတွက် ဒေါ်လာသန်း ၁၀၀ ကူညီရန် ယူအေအီး၏ ကမ်းလှမ်းမှုကို အိန္ဒိယ ငြင်းပယ်

ရေဘေးအတွက် ဒေါ်လာသန်း ၁၀၀ ကူညီရန် ယူအေအီး၏ ကမ်းလှမ်းမှုကို အိန္ဒိယ ငြင်းပယ်
Published 24 August 2018

သြဂုတ် ၂၂ ရက်တွင် ကေရာလာပြည်နယ်၌ ရေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ကျောင်းသားများက လက်ဆင့်ကမ်း သယ်နေကြစဉ် (Photo : AFP)

သေဆုံးသူ ၄၀၀ ကျော်ရှိလာပြီဖြစ်သော အိန္ဒိယနိုင်ငံ ကေရာလာပြည်နယ်တွင် ရေလွှမ်းမိုးမှုကြောင့် ထိုပြည်နယ်၏ အထူးရန်ပုံငွေသို့ ယူအေအီးအစိုးရက ဒေါ်လာသန်း ၁၀၀ ကူညီရန် ကမ်းလှမ်းခဲ့မှုကို အိန္ဒိယအစိုးရက သြဂုတ် ၂၂ ရက်တွင် ပယ်ချခဲ့သည်။ အိန္ဒိယဗဟိုအစိုးရ၏ လတ်တလောအထိ ကတိပြုထားမှုထက် ပိုမိုများပြားသော အကူအညီကို တောင်းခံထားသည့် ကေရာလာပြည်နယ် ဝန်ကြီးချုပ်က ပင်လယ်ကွေ့နိုင်ငံ၏ အကူအညီကို လက်ခံရန် တောင်းဆိုမှု ရှိသော်လည်း ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိ မူဝါဒအရ ဗဟိုအစိုးရသည် ပြန်လည်ကယ်ဆယ်ရေးနှင့် ထူထောင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်တွင်း၌ ကြိုးပမ်းမှုများမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုငြင်းပယ်ရသည့် အကြောင်းရင်းကို ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ ပြည်ပငွေကြေးများသည် အိန္ဒိယ တစ်ဦးချင်း သို့မဟုတ် ဖောင်ဒေးရှင်းများထံသို့သာ လှူဒါန်းနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသည် ၂၀၀၄ ခုနှစ် ဆူနာမီဖြစ်စဉ်အပြီး ပြည်ပအကူအညီကို ပယ်ချခဲ့မှု အပါအဝင် သဘာဝဘေးများ ကြုံတွေ့ရအပြီး ပြည်ပအကူအညီများကို ငြင်းပယ်ခဲ့သည့် အစဉ်အလာရှိခဲ့သည်။ မည်သည့် အရေးပေါ် အခြေအနေကိုမဆို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်းကို အိန္ဒိယအစိုးရက သက်သေပြလိုခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ဆိုးရွားသော ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီခဲ့ကြသည့် ပြည်ပအစိုးရများ အပါအဝင် နိုင်ငံအများအပြား၏ အကူအညီ ကမ်းလှမ်းမှုများကို အလွန်အမင်း ကျေးဇူးတင်ကြောင်း အိန္ဒိယက သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ယူအေအီး၏ အကူအညီကိုမူ ထည့်သွင်းမပြောခဲ့ပေ။

မော်လဒိုက် အစိုးရကလည်း ရေဘေးအတွက် ငွေကြေးကူညီမည်ဟု ကတိပြုထားပြီး ငြင်းပယ်ပါက နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုကို ဖြစ်ပေါ်စေနိုင်သည်။ ကေရာလာပြည်နယ် ဝန်ကြီးချုပ် ပီနာရာယီဝီဂျယန်က ယူအေအီး၏ အကူအညီကို လက်ခံနိုင်ရန်အတွက် ဗဟိုအစိုးရနှင့် ဆွေးနွေးရန် တောင်းဆိုခဲ့သည်။ ယူအေအီး၏ အကူအညီသည် အိန္ဒိယ ဗဟိုအစိုးရ၏ ကတိပြုထားသော ဒေါ်လာ ၉၇ သန်းထက် ပိုမိုများပြားနေသည်။

ဝီဂျယန်က အစိုးရထံမှ ဒေါ်လာ ၃၇၅ သန်း အကူအညီ တောင်းခံထားပြီး ၎င်း၏ပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာသုံးဘီလျံ ကျော်နိုင်ကြောင်း ပြောကြားခဲ့သည်။ မုတ်သုံမိုးကြောင့် ပြီးခဲ့သော ဇွန်နောက်ပိုင်း ကေရာလာတွင် လူ ၄၂၀ ကျော် သေဆုံးခဲ့ပြီး လူ ၁ ဒသမ ၃၄ သန်း ခန့်သည် ပြည်နယ်တစ်ဝန်းရှိ ကယ်ဆယ် ရေးစခန်း ၃၃၀၀ ကျော်တွင် နေထိုင်နေရကြောင်း သိရသည်။

Ref : AFP

Most Read

Most Recent