ရေကြီးသည့်နေရာတွင် အိန္ဒိယလေတပ်စခန်းတစ်ခုကို အရပ်ဘက် လေကြောင်းခရီးစဉ်များအတွက် ဖွင့်ပေး

ရေကြီးသည့်နေရာတွင် အိန္ဒိယလေတပ်စခန်းတစ်ခုကို အရပ်ဘက် လေကြောင်းခရီးစဉ်များအတွက် ဖွင့်ပေး
Published 21 August 2018

သြဂုတ် ၁၈ ရက်တွင် ကေရာလာပြည်နယ်ရှိ ကိုချီမြို့၌ အကူအညီများ ချပေးနေသည့် အိန္ဒိယလေတပ်ရဟတ်ယာဉ်တစ်စင်းကို တွေ့ရစဉ် (Photo: AFP)

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ရေကြီးမှု ဒဏ်ခံစားနေရသော ကေရာလာပြည်နယ်တွင် ဒေသခံများ သွားရလာရ အဆင်ပြေရန်နှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများကို အရှိန်မြှင့်တင်ရန်အတွက် စစ်တပ်သည် လေတပ်အခြေစိုက်စခန်းတစ်ခုကို အရပ်ဘက် လေကြောင်းခရီးစဉ်များအတွက် သြဂုတ် ၂၀ ရက်က ဖွင့်ပေးလိုက်သည်။

ကိုချီမြို့ရှိ လေတပ်စခန်းသို့ ပထမဆုံး အရပ်ဘက်လေကြောင်းခရီးစဉ်တစ်ခု သြဂုတ် ၂၀ ရက်နံနက်ပိုင်းက ဆင်းသက်ခဲ့သည်ဟု သိရသည်။ ထိုနေရာမှ အရပ်ဘက်သုံးလေဆိပ်သည် ပိတ်ထားခဲ့ရသည်မှာ သီတင်းတစ်ပတ်နီးပါးရှိပြီ ဖြစ်သည်။ ဒေသတွင်းရှိ အခြားသောလေတပ်စခန်းများမှာလည်း မကြာမီမှာပင် အရပ်ဘက် လေယာဉ်ခရီးစဉ်များအတွက် ဖွင့်လှစ်ပေးဖွယ် ရှိသည်ဟု ပြည်သူ့လေကြောင်းဆိုင်ရာ ဝန်ကြီးဆူရာရှ်ပရာဘူက ပြောကြားခဲ့သည်။

ကေရာလာပြည်နယ်ထဲရှိ အချို့နေရာများတွင် မိုးများစဲသွားပြီဖြစ်သဖြင့် ရေများလည်း ပြန်ကျစပြုနေပြီဖြစ်သော်လည်း အဆက်အသွယ်ပြတ်ပြီး အကူအညီ လိုအပ်နေသူဦးရေ ထောင်နှင့်ချီရှိနေဆဲ ဖြစ်သည်။

ပြည်နယ်ထဲမှ ငါးဖမ်းသမားများသည် ထောင်နှင့်ချီသော ရေဘေးသင့်သူများကို ကယ်တင်ပေးခဲ့ကြသည်။ ပါဝင်ကူညီခဲ့ကြသည့် ငါးဖမ်းသမားများအား တစ်နေ့စီအတွက် ဒေါ်လာ ၅၀ ခန့် ပေးမည်ဖြစ်ပြီး ကယ်ဆယ်ရေးအတွင်း ပျက်စီးခဲ့သည့် ငါးဖမ်းလှေများအား ပြင်ဆင်စရိတ်ကိုလည်းပေးမည်ဟု ပြည်နယ်အကြီးတန်း အရာရှိတစ်ဦးက သြဂုတ် ၂၀ ရက်တွင် ကြေညာခဲ့သည်။

Ref: AFP