အမေရိကန်၏ခြောက်ခုမြောက် စစ်ဌာနချုပ်အဖြစ် အာကာသတပ်ဖွဲ့ ဖွဲ့စည်းချိန်ရောက်ပြီဟု အမေရိကန်ဒုတိယသမ္မတပြောကြား

အမေရိကန်၏ခြောက်ခုမြောက် စစ်ဌာနချုပ်အဖြစ် အာကာသတပ်ဖွဲ့ ဖွဲ့စည်းချိန်ရောက်ပြီဟု အမေရိကန်ဒုတိယသမ္မတပြောကြား
Published 11 August 2018

သြဂုတ် ၉ ရက်တွင် ပင်တဂွန်၌ အာကာသတပ်ဖွဲ့ထူထောင်ရန်အကြောင်းကို အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်က ပြောကြားနေစဉ် (Photo: AFP)

အမေရိကန်ဧရာမစစ်တပ်၏ ခြောက်ခုမြောက် စစ်ဌာနချုပ်ဖြစ်လာမည့် အမေရိကန် အာကာသတပ်ဖွဲ့ထူထောင်ရန်အသေးစိတ် အစီအစဉ်များအား အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်က သြဂုတ် ၉ ရက်တွင်ထုတ် ပြန်ခဲ့ပြီး လာမည့်စစ်မျက်နှာသစ်အတွက် ကြိုတင်ပြင်ဆင်ချိန်ရောက်ပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပင်တဂွန်သည် အာကာသတွင် ခုခံနိုင်စွမ်း အားနည်းမှုကို ကျော်လွှားနိုင်ရန်နှင့် အာကာသပတ်လမ်းတွင် အမေရိကန်၏လွှမ်းမိုးမှုအား ရဲရဲတင်းတင်းပြသရန်လိုအပ်ကြောင်း ထောက်ပြလျက် သမ္မတဒေါ်နယ်ထ ရန့်က အာကာသတပ်ဖွဲ့ထူထောင်ရန် ပြီးခဲ့သော ဇွန်တွင် ညွှန်ကြားခဲ့သည်။ သို့သော် ထိုအစီအစဉ်အတွက် ကွန်ဂရက်၏ အတည်ပြုမှု လိုအပ်ပြီး ဥပဒေပြုအမတ်များနှင့် ကာကွယ်ရေး တာဝန်ရှိသူအချို့က ကုန်ကျစရိတ် နှင့် ဗျူရိုကရေစီစနစ်တို့ကြောင့် သံသယဝင်နေခဲ့သည်။

ပင့်စ်က ထရန့်အစိုးရ၏စိတ်ကူးကို ၎င်း၏ သက်တမ်းကုန်ဆုံးမည့် ၂၀၂၀ ပြည့် နှစ်မတိုင်မီ လက်တွေ့ဖြစ်လာရန် ပြတ်ပြတ်သားသားပြောကြားခဲ့သည်။ အမေရိကန် အာကာသတပ်ဖွဲ့ထူထောင်ရန် အချိန်ကျပြီ ဖြစ်ပြီး လာမည့်ငါးနှစ်ကျော်အတွင်း အမေရိကန် အာကာသလုံခြုံရေးစနစ်များအတွက် နောက်ထပ်ဒေါ်လာရှစ်ဘီလျံ ရင်းနှီးမြှုပ်နှံရန် ထရန့်၏တောင်းဆိုမှုကို ပင့်စ်က ပင်တဂွန်တွင် ထပ်မံပြောကြားခဲ့သည်။အမှီအခို ကင်းသော အာကာသတပ်ဖွဲ့သည် ဂြိုဟ်တုဖျက်စွမ်းရည်များ ရရှိရန် တက်တက်ကြွကြွ ကြိုးပမ်းနေသည့် ရုရှားနှင့်တရုတ်တို့အား တန်ပြန်ရန် အလွန်အမင်းအရေးပါကြောင်း ပင့်စ်က ပြောကြားခဲ့သည်။

အာကာသတပ်ဖွဲ့ စတင်မလည်ပတ်မီ ပင်တဂွန်က လုပ်ဆောင်မည့်အသေးစိတ်အစီအစဉ်များတွင် ရှိဆဲ စစ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များအား ခေါ်ယူ၍ အဖွဲ့သစ် ဖြစ်သည့် အမေရိကန်အာကာသဌာနချုပ်ကို ထူထောင်မည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းရှိ အလယ်ပိုင်းစစ်ဌာနချုပ်၊ အာရှရှိ အင်ဒို- ပစိဖိတ်စစ်ဌာနချုပ်တို့ကဲ့သို့ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏စစ်ဌာနချုပ်များကဲ့သို့ပင် အာကာသစစ်ဌာနချုပ်သည် တူညီသော အဆင့်အတန်းရရှိမည် ဖြစ်သည်။

ထရန့်၏ညွှန်ကြားချက်များအား ဖြည့်ဆည်းရန် လုပ်ဆောင်မည့် အသေးစိတ်အစီအစဉ်များကို ပင်တဂွန်က သြဂုတ် ၇ ရက်တွင် ကွန်ဂရက်သို့ အစီရင်ခံစာတင်သွင်းခဲ့ သည်။ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း အမေရိ ကန်၏ဂြိုဟ်တုများအား အသက်မဲ့စေရန် လုပ်ဆောင်မည့်စွမ်းရည်များကို ရရှိစေရန် ပြိုင်ဘက်များက ကြိုးပမ်းနေစဉ် အမေရိကန်စစ်ဘက်က ရင်ဆိုင်နေရသည့်အန္တရာယ်များကို ထိုအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

လတ်တလောတွင် အမေရိကန် လေတပ်က အာကာသစွမ်းရည်အများစုကို ကြီးကြပ်နေပြီး အာကာသတပ်ဖွဲ့၏မစ်ရှင်သည် မလိုအပ်ဘဲ ထပ်လုပ်မိမှုနှင့် ဘက်ပြိုင်မှုများ ဖြစ်ပေါ်စေမည်ကို တာဝန်ရှိသူအချို့က စိုးရိမ်နေကြသည်။ အမေရိကန်စစ်တပ်တွင် လတ်တလော၌ ကြည်း၊ ရေ၊ လေ၊ မရိန်းနှင့် ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့များ ပါဝင်သည်။ အာကာသတပ်ဖွဲ့ထူထောင်မည့် အစီအစဉ်အား ရီပက်ဘလီကင်ဥပဒေပြုအမတ် အချို့က ထောက်ခံကြသော်လည်း ဒီမိုကရက်များက အခြားဦးစားပေးများအား မတည်မငြိမ်ဖြစ်စေနိုင်သည့် ငွေယိုပေါက် ဖြစ်မည်ဟု ဝေဖန်ခဲ့ကြသည်။