ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုအဖြစ် လာမည့်သီတင်းပတ်တွင် တောင်နှင့်မြောက်ကိုရီးယား အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ ကျင်းပမည်

ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုအဖြစ် လာမည့်သီတင်းပတ်တွင် တောင်နှင့်မြောက်ကိုရီးယား အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ ကျင်းပမည်
Published 10 August 2018

ဇွန် ၁ ရက်တွင် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ ပန်မန်ဂျွန်ရွာ၌ တောင်ကိုရီးယား၏ ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက မီဒီယာကို စကားပြောနေစဉ် (Photo: AP)

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုအဖြစ် တောင်နှင့် မြောက်ကိုရီးယားနိုင်ငံက လာမည့်သီတင်းပတ်တွင် အဆင့်မြင့်အရာရှိများအဆင့် ဆွေးနွေးပွဲကျင်းပမည်ဟု တောင်ကိုရီးယားအစိုးရက သြဂုတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်နေရာကို ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက အသေးစိတ် မထုတ်ပြန်ခဲ့သော်လည်း ဧပြီတွင် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် မွန်းသည် ဆောင်းရာသီအတွင်း ပြုံယမ်းသို့ အလည်လာရန် ကင်အား ယခင်က အတည်ပြုခဲ့ပြီးဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကြိုတင် ပြင်ဆင်မှုကိစ္စများကို ဆွေးနွေးရန် သြဂုတ် ၁၃ ရက်တွင် စစ်မဲ့ဇုန်အတွင်းရှိ ပန်မန်ဂျွန် ကျေးရွာမြောက်ပိုင်း၌ အဆင့်မြင့်အရာရှိများအဆင့် ဆွေးနွေးပွဲပြုလုပ်မည်ဟု ကိုရီးယားပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဇွန်တွင် စင်ကာပူ၌ ပြုလုပ်ခဲ့သည့် ကင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အကြား သမိုင်းဝင် ဆွေးနွေးပွဲအတွက် လမ်းခင်းပေးခဲ့သည့် ဧပြီထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း တိုးတက်မှုကို ပြန်လည်သုံးသပ်ရန်အတွက် နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ရန် ပြုံယမ်းက အကြံပြုခဲ့သည်ဟုဆိုသည်။

ထိပ်သီးဆွေးနွေးပွဲကျင်းပပြီးနောက် ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုများသည် သိသိသာသာ မြင့်တက်လာခဲ့ပြီး စစ်ပွဲအတွင်း ခွဲခွာခဲ့ရသည့် မိသားစုဝင်များ ပြန်လည်ဆုံစည်းမှုများကို သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယား၏ ကမ်ဂန်တောင်အပန်းဖြေစခန်းတွင် ယခုလအကုန်၌ ပြန်လည်စတင်ရန် စီစဉ်နေသည်။

သြဂုတ် ၁၃ ရက် ဆွေးနွေးပွဲတက်ရောက်မည့် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Cho Myoung-gyon က ဦးဆောင်မည်ဖြစ်သည်။ Cho သည် ကိုရီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရေး ဘတ်စကတ်ဘောပြိုင်ပွဲအတွက် ပြီးခဲ့သည့်လတွင် ပြုံယမ်းသို့ သွားရောက်ခဲ့သည်ဟု ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“အောင်မြင်တဲ့ တောင်-မြောက် ထိပ်သီးဆွေးနွေးပွဲတစ်ခုအတွက် မြောက်ကိုရီးယားနဲ့ အသေးစိတ် ဆွေးနွေးသွားမှာပါ” ဟု ကိုရီးယားပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းထိပ်သီးဆွေးနွေးပွဲသည် မေတွင် မွန်းနှင့်ကင်တို့ ကြိုတင်ကြေညာခြင်းမရှိဘဲ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်တွင် ၎င်းတို့နှစ်ဦးအကြား တတိယအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်လာမည်ဖြစ်သည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အဓိကရည်မှန်းချက်အတွက် တိုးတက်မှု အနည်းငယ်သာ ရရှိသေးသည်။

Ref:AFP