ဗင်နီဇွဲလားသမ္မတ မာဒူရို မောင်းသူမဲ့လေယာဉ်ဖြင့် လုပ်ကြံရန် ကြိုးပမ်းခံရမှုမှ လွတ်မြောက်ခဲ့

ဗင်နီဇွဲလားသမ္မတ မာဒူရို မောင်းသူမဲ့လေယာဉ်ဖြင့် လုပ်ကြံရန် ကြိုးပမ်းခံရမှုမှ လွတ်မြောက်ခဲ့
Published 6 August 2018

သြဂုတ် ၄ ရက်က စစ်ရေးပြ အခမ်းအနားအတွင်း ပေါက်ကွဲသံထွက်ပေါ်လာစဉ် သမ္မတမာဒူရို (လယ်)၊ ဇနီး (ဝဲ) နှင့်အတူ စစ်တပ်အရာရှိကြီးများအား ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း တွေ့ရစဉ် (Photo: AFP)

ဗင်နီဇွဲလားသမ္မတ နီကိုလက်မာဒူရိုက ၎င်းသည် ဖောက်ခွဲရေးပစ္စည်းများစွာ သယ်လာသော မောင်းသူမဲ့လေယာဉ်တစ်စင်းဖြင့် လုပ်ကြံသတ်ဖြတ်ခံရမည့်အရေးမှ လွတ်မြောက်ခဲ့သည့် အကြောင်း သြဂုတ် ၄ ရက်က ပြောကြားခဲ့သည်။

ကာရာကက်စ်မြို့၌ ပြုလုပ်ခဲ့သော စစ်ရေးပြအခမ်းအနားတစ်ခုအတွင်း ထွက်ပေါ်လာသည့် ပေါက်ကွဲသံတစ်ခုကြောင့် သမ္မတ မာဒူရိုမှာ ဇဝေဇဝါဖြစ်သွားသည့်ပုံကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသမှုတစ်ခုအတွင်း တွေ့ခဲ့ကြရသည်။

မာဒူရိုအစိုးရအဖွဲ့မှ စစ်သားခုနစ်ဦး ဒဏ်ရာရရှိခဲ့သော ယင်းတိုက်ခိုက်မှုသည် ကိုလံဘီယာ၏ လက်ချက်ဟု ဦးစွာ ပြစ်တင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပဟေဠိဆန်ပြီး လျှို့ဝှက်သော ပြည်တွင်းသူပုန်အဖွဲ့ တစ်ဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ကြသည်။

“ဒါဟာ ကျွန်တော့်ကို သတ်ဖို့အတွက် တိုက်ခိုက်တာပါ။ သူတို့ ကျွန်တော့်ကို လုပ်ကြံဖို့ ဒီနေ့ ကြိုးပမ်းခဲ့ကြပါတယ်။ ပျံသန်းနေတဲ့ အရာတစ်ခုဟာ ကျွန်တော့်ရှေ့မှာပဲ ပေါက်ကွဲသွားခဲ့ပါတယ်” ဟု မာဒူရိုက နိုင်ငံပိုင်ရုပ် သံမှ နောက်ပိုင်းထုတ်လွှင့်မှုတစ်ခုအတွင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအစိုးရရုပ်သံ၌ ဖော်ပြမှုထဲတွင် ပေါက်ကွဲသံတစ်ခုကို ကြားခဲ့ရပြီးနောက် မိန့်ခွန်းပြောနေသည့် မာဒူရိုမှာ ကြောင်တက်တက်ဖြစ်သွားသည်ကို တွေ့ခဲ့ရသည်။ စစ်ရေးပြ ချီတက်ရန်တန်းစီနေသည့် အမျိုးသားအ စောင့်တပ်ဖွဲ့ဝင်များမှာလည်း ရုတ်ချည်းပင် လူစုကွဲသွားခဲ့ကြသည်။

သမ္မတ ဟောပြောရာ စင်မြင့်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆက်သွယ်ရေးဝန်ကြီး ဂျော့ချ် ရိုဒရီဂူဇ်က ပြောကြားခဲ့သည်။ ရှေ့နေချုပ် တာရိဝီလျံယံဆေ့က အခမ်းအနားအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပုံကို မောင်း သူမဲ့လေယာဉ်တစ်စင်းက ရိုက်ကူးနေသည်အား တွေ့လိုက်ရသည်ဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်မူ မည်သည့်မောင်းသူမဲ့ လေယာဉ်ကိုမှ မတွေ့ရဘဲ သက်တော်စောင့်များမှာ ဒိုင်းများဖြင့် သမ္မတကို ကာကွယ်ပေးရန် အလျင်အမြန် ရောက်ရှိလာသည်ကို တွေ့ခဲ့ရသည်။

အမည်မဖော်လိုသော ရဲတစ်ဦးက ထို မောင်းသူမဲ့လေယာဉ်များကို အနီးရှိ တိုက်ခန်းတစ်ခုမှ လွှတ်လိုက်ခြင်းဖြစ်ပြီး ယင်းတိုက်ခန်းမှာမူ ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲခဲ့ခြင်းကြောင့် မီးလောင်သွားခဲ့သည်ဟု ဆိုသည်။ အခြားသောသူများကမူ ထိုမီးလောင်မှုသည် ဓာတ်ငွေ့အိုး မတော်တဆ ပေါက်ကွဲမှုကြောင့်ဟု ပြောခဲ့ကြသည်။

■ သူပုန်များ၏ ဝန်ခံချက်

ဗင်နီဇွဲလားအစိုးရက အတိုက်အခံတို့ ကို ရည်ညွှန်းပြီး လက်ယာစွန်းရောက် အုပ်စု၏ လက်ချက်ဟု အပြစ်တင်ခဲ့သည်။ သို့သော် သမ္မတမာဒူရိုကိုယ်တိုင်ကမူ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ကိုလံဘီယံသမ္မတ ဟွမ်မန်နျူယယ် ဆန်းတို့စ် ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်အား ငွေကြေးပံ့ပိုးသူများသည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် နေထိုင်သည့်အကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်ဟုလည်း မာဒူရိုက ဆိုသည်။ “သမ္မတဒေါ်နယ်ထရန့် ဟာ အဲဒီအကြမ်းဖက်အုပ်စုတွေကို တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု မာဒူရိုက ဆက်လက်ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုစွပ်စွဲချက်များကို အဓိပ္ပာယ်မရှိဟုဆိုကာ ငြင်းပယ်ခဲ့ပြီး အခြေအမြစ်မရှိဟုလည်း ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကမူ အိမ်ဖြူတော်သည် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။

ထိုစဉ် သြဂုတ် ၄ ရက်နှောင်းပိုင်းက ၎င်းတို့ကိုယ်ကိုယ် 'တီရှပ်ဝတ်ထားသော စစ်သားများ၏ အမျိုးသားလှုပ်ရှားမှု' ဟုခေါ်သော အရပ်ဘက်နှင့် စစ်ဘက်သူပုန်အုပ်စုတစ်စုက  ၎င်းတို့ လက်ချက်ဖြစ်သည်ဟု ထုတ် ပြန်ခဲ့သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို မေ့နေတဲ့ အစိုးရအဖွဲ့ကို စစ်တပ်က ဆက်ပြီး သစ္စာခံနေခြင်းကို ဆန့်ကျင်ဖို့အတွက်ပါ”  ဟု အမေရိကန်အခြေစိုက် ဗင်နီဇွဲလားအတိုက်အခံ ဂျာနယ်လစ်ပက်ထရီရှာပိုလီအိုက ၎င်းထံသို့ ပေးခဲ့သည့် ထုတ်ပြန်ချက်တစ်ခုကို You Tube ချန်နယ်မှတစ်ဆင့် ဖတ်ပြခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲ၌ ငတ်မွတ်မှု၊ ဆေးဝါး ပြတ်လပ်မှု၊ ငွေကြေးများတန်ဖိုးမရှိဖြစ်လာမှု၊ ကွန်မြူနစ်ဝါဒမှလွဲ၍ အခြားမည်သည့်အရာကိုမှ သင်မပေးသည့် ပညာရေးစနစ်တို့ကို သည်းမခံနိုင်တော့ကြောင်းလည်း ဖော်ပြခဲ့သည်။

“ကျွန်တော် အခု အခြေအနေကောင်းတယ်။ အသက်လည်း ရှင်နေပါသေးတယ်။ အခုတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ တော်လှန်ရေးလမ်းကြောင်းကိုလိုက်ဖို့ ကျွန် တော်ရဲ့ ဆုံးဖြတ်ချက်ဟာလည်း ပိုပြီး ခိုင်မာ သွားပါတယ်” ဟု မာဒူရိုက နိုင်ငံသို့ ပြောကြားသို့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောခဲ့သည်။ ထို့ပြင် ယခုဖြစ်စဉ်အတွက် တရားမျှတမှုရှိအောင်လုပ်ဆောင်သွားကာ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး ခွင့်လွှတ်ပေးမည် မဟုတ်ဟုလည်း သတိပေးခဲ့သည်။

ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့သော စစ်ရေးပြ ချီတက်ပွဲအခမ်းအနားသည် တိုင်းပြုပြည်ပြု လွှတ်တော် တည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။ အတိုက်အခံတို့ ကြီးစိုးထားသော အမျိုးသားလွှတ်တော်ကို အစားထိုးရန် အတွက် အစိုးရသစ္စာခံများသာ ပါဝင်သည့် အဆိုပါတိုင်းပြုပြည်ပြုလွှတ်တော်ကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်က စတင်အာဏာရလာခဲ့သော အသက် ၅၅ နှစ်အရွယ် မာဒူရိုသည် ၎င်းကို ဖြုတ်ချရန် အတိုက်အခံနှင့် အမေရိကန်တို့ ပူးပေါင်းကြံစည်နေကြသည့်အကြောင်း မကြာခဏ စွပ်စွဲလေ့ရှိသူဖြစ်သည်။