ဧရာမ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံက ဘီလာရုစ်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ရိုက်ခတ်နေ

ဧရာမ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံက ဘီလာရုစ်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ရိုက်ခတ်နေ
Published 6 August 2018

ဇူလိုင် ၂၉ ရက်တွင် ဘီလာရုစ်မြို့တော် မင့်စ်၌ လူနာတင်ယာဉ်အနီး ကျန်းမာရေးဝန်ထမ်းတစ်ဦးက အနားယူနေစဉ် (Photo: AFP)

ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်း ဘီလာရုစ်၏ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် ဧရာမ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံ ရိုက်ခတ်နေပြီး ဥရောပ၏ နောက်ဆုံး အာဏာရှင်ဟု အမည်ပေးခံခဲ့ရသည့် ထိုနိုင်ငံ၌ အစိုးရတာဝန်ရှိသူများက ယင်းစနစ်အား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။

ပြည်သူ့ဘဏ္ဍာများထဲမှ ဒေါ်လာသန်းပေါင်းများစွာအား ကဲ့ယူခဲ့ကြောင်း မသင်္ကာမှုဖြင့် ဆေးဘက်တာဝန်ရှိသူများ၊ ဆေးဝါးကုမ္ပဏီ ကိုယ်စားလှယ်များနှင့် ဗျူရိုကရက် ဒါဇင်များစွာအား အာဏာပိုင်များက ဖမ်းဆီးခဲ့ကြသည်။ သြဇာကြီးသော အစိုးရထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင် ဗယ်လာရီဗာကူချက်က ဆေးဝါးများနှင့် ဆေးဘက်သုံး ကိရိယာများအား တိုးမြှင့်ထားသော ဈေးနှုန်းဖြင့် ဝယ်ယူနေသည့် ကျယ် ပြန့်သောစနစ်ဟုဆိုပြီး ပြီးခဲ့သော လ၌ ရှုတ်ချခဲ့သည်။

ဆေးဝါးဈေးနှုန်းများသည် ပုံမှန်အားဖြင့် ရာခိုင်နှုန်း ၆၀ အထိ မြင့်တက်လေ့ရှိပြီး အချို့ဖြစ်စဉ်များတွင် နှစ်ဆအထိပင် တိုးမြှင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၎င်း၏ကြေညာချက်အပြီး ကျန်းမာရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ ၃၇ ဦးသည် ဖမ်းဆီးခံခဲ့ရပြီး အပြည်ပြည်ဆိုင်ရာ ဆေးဝါးကုမ္ပဏီများ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ်များ အပါအဝင် လူ ၆၀ ကို ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

ဥရောပနှင့်ထိစပ်နေသော ၎င်းတို့နိုင်ငံတွင် ဆိုဗီယက်စတိုင် ဗျူရိုကရေစီစနစ်သည် အကျင့်ပျက်ခြစားမှုကို အားကောင်းစေခဲ့ကြောင်း ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်က အသိအမှတ်ပြု လက်ခံခဲ့သည်။ ဆေးဘက်သုံးကိရိယာများနှင့် ဆေးဝါးများအား ဝယ်ယူနေသည့် လတ်တလောစနစ်သည် အကျင့်ပျက်ခြစားမှု အလေ့အထများကို ဖန်တီးနေကြောင်း၊ ရိုးသားသော ဆေးဝါး တင်သွင်းသူများသည် အပြုသဘောရလဒ် တစ်ခုတည်းကိုသာ မမှီခိုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆေးဝါးများအား ဝယ်ယူမှုများသည် ထုတ်လုပ်သူများနှင့်တိုက်ရိုက် ပြုလုပ်လေ့မရှိဘဲ ကြားခံများစွာနှင့် ဘဏ္ဍာရေးကုမ္ပဏီများမှတစ်ဆင့် လုပ်ဆောင်နေကြကြောင်း ဗယ်လာရီဗာကူချက်က ပြောကြားခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများထဲတွင် ကျန်းမာရေးဒုတိယဝန်ကြီး အီဂေါ်လိုဆစ်စကီး၊ နာမည်ကြီးဆေးခန်းများမှ ဆရာဝန်များ၊ ဆေးဝါးထုတ်လုပ်မှုနှင့် တင်သွင်းမှုကုမ္ပဏီများမှ ထိပ်တန်းလုပ်ငန်းရှင်များ ပါဝင်ခဲ့သည်။

ဖမ်းဆီးခံခဲ့ရသော ထိပ်တန်း လုပ်ငန်းရှင်တစ်ဦးမှာ ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှင်ကို၏ အနီးကပ်တွဲဖက်တစ်ဦး၏အစ်ကိုဖြစ်သူ Iskamed အုပ်စုဒါရိုက်တာ ဆာဂေးရှာကူတင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာစင်တာတစ်ခုမှ ဒါရိုက်တာတစ်ဦး၏နေအိမ်အား တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေ ခဲ့ရာ ငွေသားဒေါ်လာ ၅၀၀၀၀၀ ကို တွေ့ရှိခဲ့သည်။ ထို့ပြင် ဆေးဘက်အသုံးအဆောင်များ တင်သွင်းသည့် အစိုးရလုပ်ငန်းတစ်ခု၏ ဒါရိုက်တာ၏  ကားဂိုဒေါင်တွင်လည်း ဒေါ်လာ ၆၂၀၀၀၀ ကို တာဝန်ရှိသူများက ရှာဖွေတွေ့ရှိခဲ့သည်။

တာဝန်ရှိသူများအား လာဘ်ထိုးရန် သုံးစွဲခဲ့သည့်ပမာဏသည် ဒေါ်လာသန်းပေါင်းများစွာ ရှိနိုင်ကြောင်း ဗယ်လာရီဗာကူချက်က ပြောကြားခဲ့သည်။ လတ်တလောအထိ ပြစ်မှု ကျူးလွန်သူများကိုသာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ဖမ်းဆီးမှုများ ရှိလာမည်ဖြစ်ကြောင်း သတင်းဝက်ဘ်ဆိုက် Yezhednevnik မှ အယ်ဒီတာ Sergei Satsuk က ပြောကြားခဲ့သည်။ ထိုဆေးဝါးများ ဝယ်ယူသည့်စနစ်တွင် အဓိက အကျိုးအမြတ်ရရှိခဲ့သူများမှာ အကျိုးအမြတ်ကြီးမားသော ဆေးဘက်သုံးကိရိယာများ ဈေးကွက်သို့ဝင်ရောက်ရန် ကုမ္ပဏီများထောင်ခဲ့ကြသည့် အငြိမ်းစား ဥပဒေစိုးမိုးရေးတာ ဝန်ရှိသူများဖြစ်ကြောင်း Satsuk က ပြောကြားခဲ့သည်။

၁၀ နှစ်ကာလအတွင်း ၎င်းတို့သည် နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှ အကျိုးအမြတ်အားလုံးကို စုပ်ယူသွားခဲ့ကြောင်း၊ ထိုစနစ်တွင် ဆေးဘက်သုံးကိရိယာများအား ဈေးတင်၍ ရောင်းချမှုအပြင် လိုအပ်သော အသိအမှတ်ပြု လက်မှတ်များ ကင်းမဲ့နေခြင်း သို့မဟုတ် မှတ်တမ်းအတုများ ပြုလုပ်ထားခြင်းတို့လည်း ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တစ်ပတ်ရစ်အဖြစ် တင်သွင်းခဲ့သည့် အချို့ကိရိယာများကို အသစ်များဖြစ်သည်ဟု လိမ်လည်ရောင်းချမှုများလည်း ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

■ အားကောင်းသော မက်လုံး

ရုရှားနှင့် ပိုလန်အကြားတွင် တည်ရှိပြီး လူကာရှင်ကိုက ၁၉၉၄ ခုနှစ် နောက်ပိုင်းကတည်းက အုပ်ချုပ်နေသည့် ဘီလာရုစ်သမိုင်းတွင် ယခုဖြစ်စဉ်သည် အကြီးမားဆုံး အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံဖြစ်သည်။ ဗျူရိုကရေစီစနစ်က နိုင်ငံတော်အား ပြည်သူပိုင်ပြုလုပ်ခဲ့ကြောင်း၊ အစိုးရ၏စီမံခန့်ခွဲမှုစနစ်တစ်ခုလုံးအား ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း၊ မလုပ်ပါက အစိုးရ အသုံးစရိတ်များ သုံးစွဲသည့်မည်သည့်နေရာတွင်မဆို အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း အမှီအခိုကင်းသော ဘောဂဗေဒပညာရှင် ယာလိုဆလက်ဗ်ရိုမန် ချက်က ပြောကြားခဲ့သည်။

အခြားသေးငယ်သော အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံများသည် မကြာသေးမီနှစ်များအတွင်း အားကစား၊ သစ်တော၊ စွမ်းအင်ဝန်ကြီးဌာနများအပြင် ကုမ္ပဏီ၊ စက်ရုံများ နှင့် ဘဏ်လုပ်ငန်းများတွင်လည်း ဖြစ်ပွားခဲ့သည်။ ဝန်ကြီးသုံးဦးသည် ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး ထိပ်တန်း ဗျူရိုကရက် တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများသည် ဖမ်းဆီးခံခဲ့ရသည်။

အစိုးရအဖွဲ့အစည်းများတွင် လာဘ်စားသူများအား ဖယ်ရှားရှင်းလင်းရေး လုပ်ဆောင်ခဲ့လျှင်ပင် အကျင့်ပျက်ခြစားမှုသည် ဘီလာရုစ်တွင် တစ်နေ့တာပင် ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း၊ နောက် လာမည့် ရက်များတွင် စနစ်ဟောင်းရှိ ရာထူးဟောင်းများ၌ လူသစ်များသည် အကျင့်ပျက်ခြစားမှုအစီအစဉ်ဟောင်းများကို ပြန်လည်စတင်လိမ့်မည်ဖြစ်ကြောင်း ရိုမန်ချက်က ပြောကြားခဲ့သည်။ ထိုစနစ်ကိုယ်တိုင်က ဖြတ်စားလျှပ်စားများ၊ လာဘ်ပေး လာဘ်ယူမှုများ၊ ကလိမ်ကျမှုများနှင့် ရာထူးအလွဲသုံးစားမှုများနှင့်အတူ အားအကောင်းဆုံး မက်လုံးများကို ဖန်တီးပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent