အီရန်က ပင်လယ်ကွေ့၌ ရေတပ်စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်

အီရန်က ပင်လယ်ကွေ့၌ ရေတပ်စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်
Published 4 August 2018

၂၀၁၀ ပြည့်နှစ် ဧပြီ ၂၂ ရက်တွင် အီရန်တောင်ပိုင်း ဟော်မုဇ်ရေလက်ကြားနှင့် ပါရှန်ပင်လယ်ကွေ့တွင် အီရန်စစ်သင်္ဘောနှင့် အမြန်ယာဉ်များ စစ်ရေးလေ့ကျင့်နေစဉ် (Photo - AFP)

အီရန်သည် သြဂုတ် ၂ ရက်က ပင်လယ်ကွေ့၌ ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်ပြုလုပ်ခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဌာနမှ အရာရှိတစ်ဦးကပြောကြားခဲ့သည်။ အမေရိကန်က အီရန်အစိုးရအပေါ် ပိတ်ဆို့မှုများ ပြန်လည်မချမှတ်မီ ရက်အနည်းငယ်အလိုတွင် ယခုစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ခြင်း ဖြစ်သည်။

အီရန်၏ ယခုစစ်ရေးလေ့ကျင့်မှုကျင်းပသည့် အချိန်သည် ပုံမှန်မဟုတ်ကြောင်း သိရသည်။ အီရန်သည် ထိုကဲ့သို့ အတိုင်းအတာနှင့်ပုံစံမျိုးရှိသည့် စစ်ရေးလေ့ကျင့်မှုကို ဆောင်းဦးကာလနှောင်းပိုင်းမှသာ လုပ်ဆောင်လေ့ရှိသည်။

သြဂုတ် ၂ ရက် အစောပိုင်းက လေ့ကျင့်မှုအတွက် သင်္ဘောဒါဇင်ပေါင်းများစွာ ထွက်သွားခဲ့သည်ဟု အမည်မဖော်လိုသော အဆိုပါအမေရိကန်အစိုးရအရာရှိ၏ ပြောကြားချက်အရ သိရသည်။ ထိုသင်္ဘောများ အနက်အများစုမှာ တိုက်ခိုက်ရေးသင်္ဘောငယ်များ ဖြစ်ကြပြီး ပင်လယ်ထဲတွင် အမေရိကန်သင်္ဘောများထံမှ မည်သို့သော တုံ့ပြန်မှုမျှမရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြား နှင့် အိုမန်ပင်လယ်ကွေ့တို့၌ အီရန်၏ ရေတပ်လှုပ်ရှားမှုများ မြင့်တက်လာသည်ကို အမေရိကန်က သတိထားမိသည့်အကြောင်း ဗဟိုစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ကပ္ပတိန်ဘေလ်အာဘန်က ထုတ်ပြန်ချက်တစ်ခုထဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဒါကို အနီးကပ် စောင့်ကြည့်နေပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ နိုင်ငံတကာရေကြောင်းလမ်းတွေမှာ  လွတ်လပ်စွာ ကုန်သွယ်စီးဆင်းစေဖို့အတွက် မိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့ ဆက်လက်လုပ် ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု အာဘန်က ဆိုသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက ပင် လယ်ကွေ့ထဲတွင် အမေရိကန်စစ်သင်္ဘောများကို အီရန်ရေတပ်နှင့် တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ သင်္ဘောများက ပုံမှန်နှောင့်ယှက်လေ့ရှိသည်ဟု အမေရိကန်တို့က စွပ်စွဲခဲ့ကြသည်။ သို့သော် ယခုနှစ်အတွင်း ယင်းကဲ့သို့ နှောင့်ယှက်မှုမျိုးမရှိသေးဟု သိရသည်။

(Ref ; AFP)

Most Read

Most Recent