ဆီရာယာလီယွန်တွင် အီဘိုလာဗိုင်းရပ်စ်အသစ် တွေ့ရှိ

ဆီရာယာလီယွန်တွင် အီဘိုလာဗိုင်းရပ်စ်အသစ် တွေ့ရှိ
Published 29 July 2018

မေ ၃၁ ရက်တွင် ကွန်ဂို၌ အီဘိုလာကူးစက်မခံရစေရန် ကျန်းမာရေးတာဝန်ရှိသူများက ပြင်ဆင်နေကြစဉ် (Photo: AFP)

ဆီရာယာလီယွန်နိုင်ငံထဲရှိ လင်းနို့များ၌ အီဘိုလာဗိုင်းရပ်စ်အသစ်တစ်မျိုးကို တွေ့ရှိထားကြောင်း အစိုးရက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဆီရာယာလီယွန်တွင် အီဘိုလာ ရောဂါဖြစ်ပွားမှု အဆုံးသတ်ပြီး နှစ်နှစ်အကြာတွင် ယခုကဲ့သို့ ဗိုင်းရပ်စ် အသစ်ကို ထပ်မံတွေ့ခဲ့ခြင်းဖြစ်သည်။

ထိုဗိုင်းရပ်စ်အသစ်သည် လူများကို သေဆုံးစေနိုင်သော အီဘိုလာရောဂါအဖြစ် တိုးတက်ပြောင်းလဲလာနိုင်ခြင်းရှိ၊ မရှိကို မသိရသေးသော်လည်း သုတေသီများကမူ လူသားများကို ကူးစက်နိုင်သည်ဟု ပြောနေကြသည်။  နိုင်ငံမြောက်ပိုင်း ဘွန်ဘာလီ ဒေသတွင် ဗိုင်းရပ်စ်အသစ်ကို တွေ့ရှိခဲ့သော သုတေသီတို့သည် အစိုးရနှင့် ပူးပေါင်းပြီး ကူးစက်ခံထားရသည့် လူများ ရှိ၊ မရှိကို သိရှိရန် လုပ်ဆောင်နေကြကြောင်း သိရသည်။

“ကြိုတင်ကာကွယ်မှုအနေနဲ့ လူတွေဟာ လင်းနို့သားစားခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်”  ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

အဆိုးရွားဆုံး အီဘိုလာရောဂါဖြစ်ပွားမှုသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဂီနီနိုင်ငံ တောင်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် လိုင်ဘေးရီးယားနှင့် ဆီရာယာလီယွန်သို့ ပျံ့သွားခဲ့ သည်။  ထိုစဉ်က လူ ၁၁၃၀၀ သေဆုံးခဲ့ပြီး ကူးစက်ခံခဲ့ရသူ ၂၉၀၀၀ ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တရားဝင် အဆုံးသတ်ခဲ့သည့် ယင်း အီဘိုလာရောဂါဖြစ်ပွားမှုသည် ဇိုင်ရီမျိုးစိတ်ကြောင့် ဖြစ်ရခြင်းဖြစ်ပြီး အဆိုပါ ဇိုင်ရီမျိုးစိတ်ကို ၁၉၇၆ ခုနှစ်က ပထမဆုံး စတင်တွေ့ရှိခဲ့ကြသည်။