Facebook ရှယ်ယာများ စံချိန်တင်ဈေးကျမှုကြောင့် ဇက်ကာဘတ်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁၅ ဘီလျံကျော် ဆုံးရှုံး

Facebook ရှယ်ယာများ စံချိန်တင်ဈေးကျမှုကြောင့် ဇက်ကာဘတ်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁၅ ဘီလျံကျော် ဆုံးရှုံး
Published 28 July 2018

မေ ၁ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမက်အင်နရီကွန်ဗင်းရှင်း စင်တာ၌ F8 ထိပ်သီးတွင် ဇက်ကာဘတ်က စကားပြောနေစဉ် (Photo: AFP)

Facebook ၏ အမြတ်ခန့်မှန်းချက်ကို လျှော့ချခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် Facebook ၏ ရှယ်ယာများသည် တစ်ရက်အတွင်း အများဆုံးဆုံးရှုံးမှု နှင့် ကြုံခဲ့ရပြီး အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘတ်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁၅ ဘီလျံကျော် ဆုံးရှုံးသွားခဲ့သည်။ Facebook ၏ ဘဏ္ဍာရေး အရာရှိချုပ် ဒေးဗစ်ဝေနာက ကုမ္ပဏီသည် နှစ်များစွာအတွင်း အမြတ်ကျဆင်းမှုနှင့် ကြုံခဲ့ရကြောင်း ပြောကြားခဲ့ပြီးနောက် စတော့ပွဲစား ကုမ္ပဏီ ၁၆ ခုထက်မနည်းတွင် Facebook ၏ ရှယ်ယာဈေးနှုန်းများကို လျှော့ချ ခဲ့ကြသည်။

ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ၊ ကမ္ဘာသတင်းစီးဆင်းမှုနှင့် Facebook ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် Facebook ၏ စီးပွားရေးပုံစံသည်  ခြိမ်းခြောက်ခံရနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးခဲ့သည်။ ဇူလိုင် ၂၆ ရက်က ဈေးကွက်အပိတ်တွင် Facebook ရှယ်ယာတန်ဖိုးသည် ၁၉ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ၁၇၆ ဒသမ ၂၆ ဒေါ်လာ ဈေး ရှိခဲ့သည်။

Facebook ၏ ဈေးကွက်တန်ဖိုးကျဆင်း မှုသည် ဒေါ်လာ ၁၂၀ ဘီလျံခန့် ရှိခဲ့ပြီး အမှုဆောင်ချုပ် မာ့ခ်ဇက်ဘာဘတ်သည် မိနစ် အနည်းငယ်အတွင်း ဒေါ်လာ ၁၅ ဘီလျံ ဆုံးရှုံးသွားခဲ့ရသည်။ ဇက်ကာဘတ်၏ ဆုံးရှုံးမှုပမာဏသည် ကမ္ဘာတွင် ၈၁ နေရာမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ပိုင်ဆိုင်မှုနှင့် ညီမျှခဲ့ကြောင်း Forbes မဂ္ဂဇင်းက ဆိုသည်။ လာမည့်နှစ်များတွင် Facebook ၏ အမြတ် နည်းပါးလာနိုင်ကြောင်း ခန့်မှန်းထားသည်ဟု ဘဏ္ဍာရေးအရာရှိချုပ် ဝေနာက ပြောကြားခဲ့သည်။

Facebook သည် သုံးစွဲသူများ၏ လုံခြုံရေးကို ကာကွယ်နေကြောင်း အသုံးပြုသူများက သိရှိနားလည်လာစေရန်အတွက် လုံခြုံရေးဆိုင်ရာနှင့် အရေးယူဆောင်ရွက်မှုများအတွက် ဒေါ်လာအမြောက်အမြား သုံးစွဲခဲ့ရသောကြောင့် Facebook ၏ အမြတ်သည် ယခု ဒုတိယ သုံးလပတ်တွင် လွန်ခဲ့သော တစ်နှစ်ကထက် ၄၄ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့သည်။ ပြီးခဲ့သည့် သုံးလပတ်၌ ကမ္ဘာ တစ်ဝန်းတွင် Facebook ကို သုံးစွဲသူ အသစ် ၂၂ သန်းသာရှိခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံး တိုးတက်မှုဖြစ်ခဲ့သည်။

News Feed အပြောင်းအလဲကြောင့် တိုးတက်မှုနှုန်း လျော့ကျသွားမည်ဖြစ်ကြောင်း Facebook က ကြိုတင်သတိပေးထားခဲ့ပြီး ဖြစ်သည်။ Facebook ကို အပြောင်းအလဲများ ဆောင်ရွက်ရန် ကြိုးပမ်းမှုကြောင့် ဝင်ငွေကို သက်ရောက်လာနိုင်ကြောင်း မာ့ခ်ဇက်ကာဘတ်က ပြောကြားထားသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်း၌ Facebook ကို သုံးစွဲသူ ၂ ဒသမ ၂၃ သန်းဘီလျံခန့် ရှိနေပြီဖြစ်ရာ ယခင် သုံးလကထက် ၁ ဒသမ ၅၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

Facebook ၏ တစ်ရက်တာ ဆုံးရှုံးမှု ပမာဏသည် သမိုင်းတွင် အကြီးမားဆုံး ဈေးကွက်တန်ဖိုးကျဆင်းမှု ဖြစ်နိုင်ကြောင်း Bloombergက ဖော်ပြခဲ့သည်။ နည်းပညာကုမ္ပဏီကြီး Intel သည် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာက တစ်ရက်အတွင်း ဒေါ်လာ ၉၁ ဘီလျံ ဆုံးရှုံးခဲ့ဖူးသည်။

 

 

 

Most Read