တရုတ်နှင့်ယူအေအီးအကြား သဘောတူညီချက်များ ကြေညာခဲ့အပြီး တရုတ်သမ္မတရှီကျင်ပင်း အဘူဒါဘီသို့ သွားရောက်

တရုတ်နှင့်ယူအေအီးအကြား သဘောတူညီချက်များ ကြေညာခဲ့အပြီး တရုတ်သမ္မတရှီကျင်ပင်း အဘူဒါဘီသို့ သွားရောက်
Published 21 July 2018

ဇူလိုင် ၁၉ ရက်တွင် အဘူဒါဘီ၌ တရုတ်သမ္မတ ရှီကျင်ပင်း (ဝဲဒုတိယမြောက်) နှင့် အဘူဒါဘီအိမ်ရှေ့ မင်းသား (ဝဲ) က စကားပြောနေစဉ် (Photo - AFP)

တရုတ်နှင့်ယူအေအီးတို့အကြား ရေနံနှင့်ကုန်သွယ်ရေး သဘောတူညီချက်များ ကြေညာခဲ့အပြီး တရုတ်သမ္မတရှီကျင်ပင်းက ဇူလိုင် ၁၉ ရက်တွင် အဘူဒါဘီသို့ သွားရောက်ခဲ့သည်။ ဆီနီဂေါ၊ ရဝမ်ဒါနှင့် တောင်အာဖရိကတို့လည်း ပါဝင်သည့် ရှီ၏ သုံးရက်ကြာ ခရီးစဉ်တွင် အဘူဒါဘီက ပထမဆုံးခရီး တစ်ထောက်ဖြစ်သည်။

ပေကျင်းနှင့် သဘောတူညီချက်များ၏ အသေးစိတ်အချက်အလက်များကို ယူအေအီးက ဇူလိုင် ၁၉ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ရှီက အဘူဒါဘီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ယူအေအီးတွင် မြေငလျင်လေ့လာမှုစစ်တမ်းတစ်ခုအတွက် တရုတ်အစိုးရရေနံကုမ္ပဏီ CNPC ၏ကုမ္ပဏီခွဲဖြစ်သော BGP Inc. ကို ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ (ယူရို ၁ ဒသမ ၄ ဘီလျံ)  တန်ဖိုးရှိ ကန်ထရိုက်နှစ်ခုအား ယူအေအီးအစိုးရပိုင် အဘူဒါဘီရေနံကုမ္ပဏီ  ANDOC က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုလေ့လာမှုသည် စတုရန်းကီလိုမီတာ ၅၃၀၀၀ (စတုရန်းမိုင် ၂၀၄၆၃ ) ကို လွှမ်းခြုံသော ဧရိယာတွင် ကမ်းခြေနှင့်ကမ်းလွန်နေရာများ၌ ရေနံနှင့်ဓာတ်ငွေ့များအား ရှာဖွေရန်ဖြစ်သည်။ CNPC သည် ANDOC နှင့် ဒေါ်လာသုံးဘီလျံခန့်တန်ဖိုးရှိသော အထူးအခွင့်အရေးအဖြစ် လုပ်ပိုင်ခွင့်ပေးသည့် သဘောတူညီချက်နှစ်ခုလည်း ရရှိထားသည်။

ယူအေအီးအစိုးရပိုင် DP World က လည်း ဒူဘိုင်းတွင် ကုန်သွယ်ရေးဇုန်သစ်တစ်ခုထူထောင်ရန် နှစ်နိုင်ငံအကြား ရရှိခဲ့သော သဘောတူညီချက်ကို ကြေညာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဆိပ်ကမ်းလုပ်ငန်း DP World နှင့် Zhejiang China Commodities City Group တို့အကြား ရရှိခဲ့သော သဘောတူညီချက်အရ ဒူဘိုင်းတွင် ဂျက်ဘယ်အလီကုန်သွယ်ရေးဇုန်၌ ကုန်သွယ်ရေး ဈေးကွက်တစ်ခုကို ထူထောင်မည် ဖြစ်သည်။

ထိုစီမံကိန်းသည် တရုတ်က ကမ္ဘာလုံးဆိုင်ရာ ဆိပ်ကမ်းများ၊ လမ်းများနှင့် ရထားလမ်းများကွန်ရက်အား ချိတ်ဆက်ထားသည့် ရှေးဟောင်းပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်သော ဒေါ်လာထရီလျံနှင့်ချီတန်ဖိုးရှိသည့် One Belt, One Road အခြေခံအဆောက်အအုံစီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဂျက်ဘယ်အလီ ကုန်သွယ်ရေးဇုန်၌ သုံးစတုရန်းကီလိုမီတာအထိ လွှမ်းခြုံမည့် ထိုစီမံကိန်းသည် အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ကုန်သွယ်ရေးဇုန်ဖြစ်ကြောင်း DP World  က ထုတ်ပြန်ခဲ့သည်။ နိုင်ငံပေါင်း ၄၀ တွင် လည်ပတ်နေသော DP World က ထိုစီမံကိန်း၏ တန်ဖိုးနှင့် တည်ဆောက်မည့်အချိန်ဇယားကိုမူ မထုတ်ပြန်ခဲ့ပေ။

တရုတ်သည် ယူအေအီး၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ရေနံမပါဝင်သော ကုန်သွယ်မှုသည် နှစ်အလိုက် နှုန်းဖြင့်ဆိုပါက ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၅၃ ဒသမ ၃ ဘီလျံကျော် တိုးတက်ခဲ့ကြောင်း၊ ယူအေအီးသို့ တရုတ်၏တင်ပို့မှုက ရာခိုင်နှုန်း ၉၀ ကျော်ပါဝင်ကြောင်း အဘူဒါဘီဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယူအေအီးက တရုတ်သို့ ရေနံစိမ်းတင်ပို့မှုထိပ်တန်း ၁၅ နိုင်ငံတွင် ပါဝင်ပြီး ပြီးခဲ့သောနှစ်တွင် ပေကျင်းသို့ ဒေါ်လာလေး ဘီလျံခန့်တန်ဖိုးရှိ ရေနံစိမ်းများ တင်ပို့ခဲ့သည်။ ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေလုပ်ငန်း  Emaar Properties က ယူအေအီးတွင်အရှေ့ အလယ်ပိုင်း၏ အကြီးဆုံး Chinatown တည်ဆောက်မည့် အစီအစဉ်များကို ဇူလိုင် ၁၈ ရက်က ကြေညာခဲ့သည်။

Ref ; AFP