ဘင်္ဂလားဒေ့ရှ်၏ မူးယစ်ဆေးနှိမ်နင်းရေး စစ်ပွဲအတွင်း သေဆုံးသူ ၂၀၀ ဝန်းကျင်အထိ မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်၏ မူးယစ်ဆေးနှိမ်နင်းရေး စစ်ပွဲအတွင်း သေဆုံးသူ ၂၀၀ ဝန်းကျင်အထိ မြင့်တက်လာ
Published 18 July 2018

ဇူလိုင် ၅ ရက်တွင် ဒါကာ၌ ရှာဖွေစီးနင်းမှုလုပ်ဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (Photo - AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖိလစ်ပိုင်ပုံစံ အငြင်းပွားဖွယ် မူးယစ်ဆေးနှိမ်နင်းရေး စစ်ပွဲအတွင်း သေဆုံးခဲ့သူဦးရေသည် မေလနောက်ပိုင်း ဦးရေ ၂၀၀ အထိ ရှိလာပြီဖြစ်သည်ဟု ပြည်တွင်းလူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့တစ်ဖွဲ့က ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုစစ်ပွဲအတွင်းထောင်ကျခဲ့သူဦးရေမှာမူ ၂၅၀၀၀ ခန့်ရှိပြီဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် ‘ယာဘ’ ဟု ခေါ်သော ဈေးပေါသည့် မက်သာဖက်တမင်းနှင့် ကဖိန်းဆေးပြားများ ရောင်းချအသုံးပြုမှုမြင့် တက်လာခြင်းကြောင့် အစိုးရက ဖြိုခွင်းမှုတစ်ရပ်ကို စတင်ခဲ့ကြသည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ကျေးရွာနှင့် မြို့များအားလုံးနီးပါးတွင် ထိုယာဘဆေး ပြားများ ပျံ့နှံ့နေသည်ဟု သိရသည်။

မူးယစ်ဆေးမှောင်ခိုလုပ်ငန်းများကို ထိန်းချုပ်နိုင်သည့်အချိန်အထိ ယခုစစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အဆတ်ဒတ်ဇာမန်က ပြောကြားခဲ့သည်။ ထို့ပြင် အသတ်ခံခဲ့ရသူ အားလုံးမှာလည်း တစ်ဦးလျှင် မူးယစ်ဆေးမှု ၁၀ မှုထက်မနည်းတွင် ပါဝင်ကြသူများဟု ၎င်းက ဆိုသည်။

သို့သော် သေဆုံးခဲ့သူအများအပြားသည် ရဲတို့၏ သွေးအေးအေးဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ထိုနှိမ်နင်းမှုများသည် ရန်ငြိုးဖြင့်ကလဲ့စားချေမှုများကို ဖုံးကွယ်ရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

ထိုကဲ့သို့ လူအမြောက်အမြား အသတ်ခံနေရခြင်းနှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်မင်းကြီး ဇေယက်ရာအူးအယ်ဟူစိတ်က ဇွန်လတွင် ပြောကြားခဲ့သည်။

အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင်မူ သေဆုံးခဲ့သူများတွင် အပြစ်မဲ့သူ မပါဘဲ အားလုံးသည် အန္တရာယ်ရှိကာတရား ဥပဒေကို လုံးဝအရေးမစိုက်သူများဖြစ်ကြကြောင်း ဖော်ပြခဲ့သည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဘင်္ဂလာဒေ့ရှ်အစိုးရ၏ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း ယခုဖြစ်စဉ်များနှင့် ပတ်သက်ပြီးစိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့သည်။ “ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ မကြုံစဖူးဖြစ်စဉ်ပါ။ အချိန်တိုအတွင်း လူတွေအများကြီး အသတ်ခံခဲ့ရပါတယ်” ဟု Ain o Salish Kendra အခွင့်အရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ရှီပါဟာဖီဇာက ပြောကြားခဲ့သည်။ “ဒါဟာ အလွန်ကို ကံမကောင်းအကြောင်း မလှတဲ့ ကိစ္စပါ။ အခုလို တရားဥပဒေဘောင်ကျော် သတ်ဖြတ်နေမှုတွေအားလုံးကို အပြစ်တင်ချင်ပါတယ်။ အဲဒီ သတ်ဖြတ်မှုတွေ တစ်ခုချင်းစီအတွက် မျှတတဲ့ စုံစမ်းစစ်ဆေးမှု လိုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုစစ်ပွဲအတွင်း အဖမ်းခံရသူဦးရေမှာ မူ ၂၅၀၀၀ ကျော်ရှိပြီ ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထောင်သားဦးရေသည် ၈၉၅၈၉ ဦး ရှိသွားပြီဖြစ်သည်။ ယင်းပမာဏသည် ထောင်စနစ်၏ လက်ခံနိုင်စွမ်းထက် နှစ်ဆခွဲပိုများနေခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ ရှာရစ်မာမတ်အပူက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် မြန်မာနိုင်ငံမှ ဝင်လာသောသန်းပေါင်းရာနှင့်ချီသည့် ယာဘဆေးပြားများ ကုန်သွယ်ရေးကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။ အာဏာပိုင်များသည် ပြီးခဲ့သည့် နှစ်ကပင် စံချိန်တင်ပမာဏဖြစ်သည့် ယာဘဆေးပြား သန်း ၄၀ ကို ဖမ်းဆီးမိခဲ့ပြီး နိုင်ငံ့ဈေးကွက်ထဲကို ဆေးပြားခန့်မှန်းခြေသန်း ၂၅၀ မှ ၃၀၀ ကြားဝင်ရောက်နေသည်ဟု ပြောကြားခဲ့သည်။

Ref ; AFP