ဆီးရီးယားတွင် အစ္စရေးလက်ချက်ဟု ယူဆရသော ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အစိုးရဘက်တော်သား ကိုးဦး သေဆုံး

ဆီးရီးယားတွင် အစ္စရေးလက်ချက်ဟု ယူဆရသော ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အစိုးရဘက်တော်သား ကိုးဦး သေဆုံး
Published 17 July 2018

ဇူလိုင် ၁၆ ရက်က ဆီးရီးယား အရှေ့တောင်ပိုင်း နယ်စပ်တွင် ဆီးရီးယားနှင့် ရုရှားတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မီးခိုးများထွက်ပေါ်နေမှုကို ဂိုလန်ကုန်းမြင့်မှ မြင်တွေ့ရစဉ် (Photo: AFP)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ညပိုင်းအချိန်က ဖြစ်ပွားခဲ့သော အစ္စရေး၏ လက်ချက်ဟု ယူဆရသည့် တိုက်ခိုက်မှု တစ်ခုကြောင့် ဆီးရီးယားအစိုးရ လိုလားသော တိုက်ခိုက်ရေးသမား ကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလက်ပိုပြည်နယ်ရှိ စစ်စခန်းတစ်ခုသို့ အစ္စရေးသည် ဇူလိုင် ၁၅ ရက် နှောင်းပိုင်းက တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရ မီဒီယာတွင် ဖော်ပြခဲ့သည်။ ယင်းကိုသာ အတည်ပြုနိုင်ပါက အစ္စရေးသည် စစ်ဒဏ်ခံနေရသော ဆီးရီးယားနိုင်ငံ၏ မြောက်ပိုင်းသို့ ရှားရှားပါးပါး တိုက်ခိုက်ခြင်း ဖြစ်လာမည် ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများထဲ၌ ဆီးရီးယား ခြောက်ဦးထက်မနည်းအပြင် ထိုစစ်စခန်းတွင် စခန်းချနေကြသော အီရန် တိုက်ခိုက်ရေးသမားများလည်း ပါဝင်သည်ဟု ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအုပ်စု ဖြစ်သည့် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အစိုးရမီဒီယာ SANA တွင် ဖော်ပြချက်အရ မဟာဗျူဟာကျသော လေတပ်စခန်းအနီးတွင် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ မရှိခဲ့ဟု သိရသည်။ “နီရပ် စစ်ဘက်လေဆိပ်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်စခန်းတွေထဲက တစ်ခုကို ဇီယွန်ရန်သူတွေဟာ သူတို့ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ပစ္စည်းပျက်စီးမှုပဲ ရှိခဲ့ပါတယ်”ဟု စစ်ဘက် သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်ဘက်မှမူ လက်ရှိအချိန်အထိ တုံ့ပြန်ပြောကြားမှု မထွက်ပေါ်လာသေးပေ။ အစ္စရေးသည် ဆီးရီးယားနိုင်ငံထဲမှ ပစ်မှတ်များအား တိုက်ခိုက်မှုများကို အတည်ပြုပေးသည်မှာ အလွန့်အလွန် ရှားပါးသည်။ သို့သော် အစ္စရေးသည် အိမ်နီးချင်း ဆီးရီးယားနိုင်ငံထဲ၌ ၎င်း၏ ခါးသီးလှသော ရန်သူအီရန်တို့ လာရောက် ခြေကုပ်ယူရန် ကြိုးပမ်းမှုကို သည်းခံမည် မဟုတ်ကြောင်း မကြာခဏ သတိပေးလျက် ရှိသည်။

ဇူလိုင် ၁၅ ရက် ညပိုင်းက နီရပ်ဝန်းကျင်တွင် ပေါက်ကွဲသံများ ဆက်တိုက် ကြားခဲ့ရသည်ဟု ဆီးရီးယားနိုင်ငံထဲရှိ သတင်းရင်းမြစ်ကွန်ရက်အပေါ် ကိုးကားနေသော စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ “နီရပ်လေဆိပ်နဲ့ ဝန်းကျင်မှာရှိတဲ့ ဆီးရီးယားအစိုးရနဲ့ ၎င်း၏ မဟာမိတ်တို့ ထိန်းချုပ်ထားတဲ့ စခန်းတွေကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခင်က ဒမတ်စကတ်အနီးနှင့် နိုင်ငံအလယ်ပိုင်းပြည်နယ်များ ဖြစ်သော ဟွမ်းနှင့် ဟာမာတို့ရှိ ဆီးရီးယားစစ်စခန်းများသို့ အစ္စရေး၏ လက်ချက်ဟု ယူဆရသည့် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် အလက်ပိုကဲ့သို့ မြောက်ပိုင်းကျသည့် နေရာများသို့ အစ္စရေးက တိုက်ခိုက်သည်မှာ ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်သည်။

ခုနစ်နှစ်ကြာ ပြည်တွင်းပုန်ကန်မှုကို ပြန်လည် တိုက်ထုတ်ရန် ကြိုးပမ်းနေသည့် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် ၏ ကြိုးပမ်းမှုများကို အားဖြည့်ပေးရန် အီရန်က စစ်ရေးအကြံပေးများကို ဆီးရီးယားသို့ စေလွှတ်ထားသည်။