ကိုလံဘီယာ FARC သူပုန်ဟောင်းများက ၎င်းတို့၏ ပြစ်မှုများအတွက် ပထမဆုံးအကြိမ် တောင်းပန်

ကိုလံဘီယာ FARC သူပုန်ဟောင်းများက ၎င်းတို့၏ ပြစ်မှုများအတွက် ပထမဆုံးအကြိမ် တောင်းပန်
Published 15 July 2018

ဇူလိုင် ၁၃ ရက်တွင် ဘိုဂိုတာမြို့၌ JEP ခုံရုံးတွင် FARC ခေါင်းဆောင်များအား ကြားနာနေမှုကို ထုတ်လွှင့်မှုအား ဂျာနယ်လစ်များက ကြည့်ရှုနေစဉ် (Photo: AFP)

ကိုလံဘီယာ FARC ပြောက်ကျားသူပုန်ဟောင်းများက အစိုးရနှင့် ရရှိခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းတို့၏ ပြစ်မှုများအား တောင်းပန်ရန်အတွက် ဇူလိုင် ၁၃ ရက်တွင် သမိုင်းဝင်ခုံရုံးသို့ ရောက်ရှိလာခဲ့သည်။ တောင်အမေရိကတွင် သြဇာအကြီးဆုံး ပြောက်ကျားသူပုန်အဖွဲ့ FARC ၏ တပ်မှူးအဖြစ် မကြာသေးမီ နှစ်များအထိ ထမ်းဆောင်ခဲ့သော ရိုဒရီဂိုတီမိုချင်ကိုလန်ဒန်နိုက “ကျွန်တော်တို့တွေ အားလုံးကို တောင်းပန်ပါတယ်။ ဒီမဖြစ်နိုင်တဲ့အရာကို ကျွန်တော်တို့တွေ လုပ်ဆောင်သွားပါမယ်။ ဒါမှပဲ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို သူတို့တွေ သိနိုင်မှာပါ။ ကျွန်တော်တို့တွေ ယူရမယ့် တာဝန်တွေကို ယူသွားမှာပါ”ဟု ပြောကြားခဲ့သည်။

ရာစုနှစ် ထက်ဝက်ခန့် ကြာမြင့်ခဲ့သော  လက်နက်ကိုင်ပဋိပက္ခအတွင်း ထိခိုက်ခံစားခဲ့ရသူ ထောင်ပေါင်းများစွာကို အသိအမှတ်ပြုရန် ကိုလံဘီယာ အစိုးရနှင့် ရရှိခဲ့သော သဘောတူညီချက်အရ ထူထောင်ခဲ့သည့် အမှန်တ ရားနှင့် ပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ ခုံရုံးတွင် လန်ဒန်နိုက ပထမဆုံးအကြိမ် တောင်းပန်ခဲ့ခြင်းဖြစ်သည်။

ထိုပဋိပက္ခကြောင့် သက်ရောက်ခဲ့သူအားလုံးအတွက် လျော်ကြေးပေးနိုင်ရန် အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုခဲ့ပြီး အကြမ်းဖက်မှုကို မည်သည့်အခါမျှ ထပ်မံ ကျင့်သုံးသွားမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ အာဏာရရှိရန်အတွက် ၎င်းတို့၏ ကာလရှည်ကြာ ကြိုးပမ်းမှုများသည် ရှုံးနိမ့်ခဲ့ပြီးနောက် FARC သည် စီးပွားရေးနှင့် နိုင်ငံရေး ရည်ရွယ်ချက်များအတွက် ပြန်ပေးဆွဲမှုများကို လုပ်ဆောင်ခဲ့ကြသည်။ ပြင်သစ်-ကိုလံဘီယာ နွယ်ဖွား အင်ဂရက်ဘီတန်ကောက် ကဲ့သို့ နိုင်ငံရေးသမားများ အပါအဝင် စစ်သားနှင့် ရဲများပါ ပါဝင်သည့် ထောင်ပေါင်းများစွာသော ဓားစာခံများကို FARC သူပုန်များက တောနက်ကြီးထဲတွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။ ထိုထိန်းသိမ်းခံထားရသူများအနက် အချို့အား ကယ်တင်နိုင်ခဲ့ပြီး အချို့ကိုမူ သူပုန်အဖွဲ့ က ပြန်လွှတ်ပေးခဲ့ပြီး အခြားလူအများအပြားမှာ သေဆုံးခဲ့ရသည်။

ခုံရုံးတွင် ပထမဆုံးအကြိမ် ကြားနာမှု၌ သူပုန်များ၏ ပြန်ပေးဆွဲခံရသူ ၈၁၆၃ ဦးကို မှတ်တမ်းတင်ခဲ့သည်။ စပိန်ဘာသာအမည် အတိုကောက် JEP ဟုခေါ်သော ငြိမ်းချမ်းရေးအတွက် အထူးစီရင်ပိုင်ခွင့် ခုံရုံးသည် ၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အကြား ကာလကို စုံစမ်းစစ်ဆေးနေသည်။ ထိုပထမဆုံး ကြားနာမှုသို့ FARC တပ်မှူး ၃၁ ဦးကို ဆင့်ခေါ်ခဲ့ သော်လည်း တီမိုချင်ကိုနှင့် အခြားနှစ်ဦးသာ ကိုယ်တိုင်လာရောက်ခဲ့သည်။ ကျန်သူများက ရှေ့နေများ စေလွှတ်ခဲ့ကြပြီး မြို့တော် ဘိုဂိုတာတွင် ထိန်းသိမ်းခံထားရသည့် ဂျီးဆပ်ဆန်ထရစ်က ရုပ်သံကွန်ဖရင့်မှတစ်ဆင့် ကြားနာမှုတွင် ပါဝင်ခဲ့သည်။

FARC တိုက်ခိုက်ရေးသမား ၇၀၀၀ အား လက်နက်စွန့်လွှတ်စေပြီး ပြီးခဲ့သောနှစ်တွင် သူပုန်အဖွဲ့က နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲထူထောင်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအရ ထိုပဋိပက္ခတွင် ထိခိုက် ခံစားရသူများအား လျော်ကြေးပေးရန်နှင့် ပြစ်မှုများအား ဝန်ခံတောင်းပန်ရန် သူပုန်ဟောင်းများက ကတိပြုထားကြသည်။ သတ်မှတ်ချက်များအား အပြည့်အဝလိုက်နာပါက အကျဉ်းထောင်နှင့် မဆက်နွှယ်သော ပြစ်ဒဏ်ငါးနှစ်မှ ရှစ်နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။ သတ်မှတ်ချက်များအား မလိုက်နာပါက ထောင်ဒဏ် ၁၅ နှစ်မှ အနှစ် ၂၀ အထိ ကျခံရနိုင်သည်။

 

 

Most Read