ကုန်သွယ်ရေးတင်းမာမှုမြင့်တက်စဉ် ZTE အား ပိတ်ဆို့အရေးယူမှုများကို အမေရိကန်က တရားဝင်ဖယ်ရှား

ကုန်သွယ်ရေးတင်းမာမှုမြင့်တက်စဉ် ZTE အား ပိတ်ဆို့အရေးယူမှုများကို အမေရိကန်က တရားဝင်ဖယ်ရှား
Published 15 July 2018

အမေရိကန်သည် တရုတ်ကုမ္ပဏီ ZTE အား အကြီးအကျယ် ထိခိုက်စေခဲ့သောပို့ကုန် ပိတ်ပင်မှုကို ဇူလိုင် ၁၃ ရက်က တရားဝင် ဖယ်ရှားပေးလိုက်ပြီဖြစ်သည်။ အဓိကပါဝင်ပစ္စည်းများ ဝယ်ယူခွင့် ပိတ်ပင်ခံရပြီးနောက် ပြိုလဲလုနီးပါးဖြစ်ခဲ့ရသည့် စမတ်ဖုန်းထုတ်လုပ်သည့်လုပ်ငန်း ZTE အား အမေရိကန် က ပြန်လည်ကယ်တင်လိုက်ခြင်းလည်းဖြစ်သည်။ သို့သော် အီရန်နှင့် မြောက်ကိုရီးယားတို့အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ZTE အနေနှင့် နောက်ထပ်ချိုးဖောက်မှုများ မလုပ်ဆောင်စေရန် ဆက်လက်စောင့် ကြည့်သွားမည်ဖြစ်သည်ဟု အမေရိကန် ကုန်သွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ZTE အပေါ် ချမှတ်ထားသည့် ပြင်းထန်သော ပြစ်ဒဏ်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မရမကတောင်းဆိုမှုကြောင့် ဖယ်ရှားလိုက်ရခြင်းဖြစ်ပြီး အမေရိကန်လွှတ်တော်အမတ်များမှာမူ အလွန် ဒေါသထွက်နေကြသည်။ ထို့ကြောင့် ZTE အား ပိတ်ဆို့အရေးယူမှုကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ကွန်ဂရက်တွင်လုပ်ဆောင်လျက်ရှိကြပြီး အမေရိကန် ဥပဒေကို ထပ်တလဲလဲချိုးဖောက်၊ အာဏာပိုင်များကို လိမ်ညာ၊ သူလျှိုအမှုများထဲ၌ ပါဝင်ခဲ့သော ကုမ္ပဏီတစ်ခုကို ထရန့်က အကျိုးခံစားခွင့်ပေးခဲ့ကြောင်း စွပ်စွဲနေကြသည်။

ZTE ကို ကယ်တင်ရန် လမ်းကြောင်း ပြောင်းလိုက်ခြင်းသည် အမေရိကန်နှင့် တရုတ်အစိုးရတို့ကြား၌ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာမှုအခြေအနေနှင့်လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။ ZTE အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် သဘောတူညီချက်ကို ပြီးခဲ့သည့်လ ကတည်းက ရရှိခဲ့ခြင်းဖြစ်သည်။

ZTE အား အရေးပါသည့် အစိတ်အပိုင်းများ မရောင်းကြရန် အမေရိကန်ကုမ္ပဏီများကို ကုန်သွယ်ရေးဌာနက ဧပြီလတွင် ပိတ်ပင်ခဲ့သည်။