လက်နက်မတပ်ဆင်ထားသော ဆီးရီးယားမောင်းသူမဲ့ လေယာဉ်တစ်စင်းကို အစ္စရေးက ကြားဖြတ်ပစ်ချခဲ့

လက်နက်မတပ်ဆင်ထားသော ဆီးရီးယားမောင်းသူမဲ့ လေယာဉ်တစ်စင်းကို အစ္စရေးက ကြားဖြတ်ပစ်ချခဲ့
Published 13 July 2018

ဇူလိုင် ၁၁ ရက်တွင် အစ္စရေး၏ ပက်ထရိယော့ဒုံးဖြင့် ကြားဖြတ်ပစ်ချခဲ့သည့် ဆီးရီးယား မောင်းသူမဲ့လေယာဉ်၏ အစိတ်အပိုင်းကို Galilee ပင်လယ်ကမ်းရိုးတန်းတွင် ရှာဖွေနေကြစဉ် (Photo: AFP)

ကနဦးတွေ့ရှိမှုများအရ ထောက်လှမ်းရေးအတွက် ရည်ရွယ်ဖွယ်ရှိသည့် လက်နက်မတပ်ထားသော ဆီးရီးယားမောင်းသူမဲ့ လေယာဉ်တစ်စင်းအား ကြားဖြတ်ဟန့်တားရန် ပက်ထရိယော့ဒုံးတစ်စင်းအား ဇူလိုင် ၁၁ ရက်တွင် ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့သည်။ ထိုမောင်းသူမဲ့လေယာဉ် သို့မဟုတ် UAV သည် အစ္စရေးနှင့် သဘောတူထားသော ဆီးရီးယားအပစ်အခတ် ရပ်စဲရေး နယ်နိမိတ်ကို မရည်ရွယ်ဘဲ လမ်းလွဲ၍ ဝင်ရောက်လာခြင်း ဟုတ်၊ မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဆီးရီးယားမှ UAV တစ်စင်း ဝင်ရောက်လာခြင်းကြောင့် ပက်ထရိယော့ဒုံးဖြင့် ကြားဖြတ်ဟန့်တားခဲ့ရပြီး ဂိုလန်ကုန်းမြင့်နှင့် အီမက်ဟာယာဒင်ဒေသများတွင် အချက်ပေး ဥသြသံများ ထွက်ပေါ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အီမက်ဟာယာဒင်သည် အစ္စရေးသိမ်းယူထားသည့် ဂိုလန်ကုန်းမြင့်၏ အနောက်တောင်ပိုင်းတွင် တည်ရှိသည်။

ဂျော်ဒန်ပေါ်မှ ပျံသန်းလာခဲ့ပြီး အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး နယ်နိမိတ်ကို ဖြတ်ကျော်ကာ ဆီးရီးယားဝေဟင်သို့ ပြန်လည်ဦးတည်ခဲ့သည့် ထိုမောင်းသူမဲ့လေယာဉ်အား အစ္စရေးတပ်များက ခြေရာခံခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ်လေးစင်းနှင့် ရဟတ်ယာဉ်နှစ်စင်းတို့က ထိုမောင်းသူမဲ့ လေယာဉ်နောက် ခြေရာခံခဲ့ကြောင်း စစ်ဘက်က ထုတ်ပြန်ခဲ့သည်။ ထိုမောင်းသူမဲ့လေယာဉ်သည် ရုရှားမှ မဟုတ်ကြောင်း အစ္စရေးက သိရှိခဲ့ပြီးနောက် ထိုလေယာဉ်အား ပက်ထရိယော့ဒုံးတစ်စင်းပစ်ခတ်၍ ကြားဖြတ်ဟန့်တားရန် ဆုံးဖြတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီးဂျိုနသန် ကွန်ရီကတ်စ်က ပြောကြားခဲ့သည်။

ထို UAV နှင့် ပက်ထရိယော့ဒုံး၏ အကြွင်းအကျန်များအား ဆီးရီးယားနှင့် အပစ်အခတ်ရပ်စဲရေး နယ်နိမိတ်အလွန် ခြောက်မိုင်ခန့်အကွာ Galilee ပင်လယ်၏ တောင်ဘက်ကမ်းရိုးတန်းတွင် တွေ့ရှိခဲ့ကြောင်း၊ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများကြောင့် ထိုပင်လယ်မှ လှေအားလုံးကို ထွက်ခွာကြရန် အစ္စရေးရဲတပ်ဖွဲ့က ညွှန်ကြားခဲ့ကြောင်း ကွန်ရီကတ်စ်က ပြောကြားခဲ့သည်။

အိမ်နီးချင်း ဆီးရီးယားတောင်ပိုင်းတွင် တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့မှုကြောင့် အစ္စရေးသည် မကြာသေးမီ သီတင်းပတ်များအတွင်း တပ်လှန့်ထားခဲ့ပြီး ဆီးရီးယားနှင့် အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး နယ်နိမိတ်များကို လေးစားမှုရှိသင့်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားပြည်တွင်းစစ်ပွဲမှ တိုက်ခိုက်မှုများသည် ဂိုလန်ကုန်းမြင့်သို့ ရံဖန်ရံခါ ပျံ့နှံ့ခဲ့သည်။

အစ္စရေး၏ အဓိကရန်ဘက်ဖြစ်သော အီရန်အား အိမ်နီးချင်းဆီးရီးယားတွင် စစ်ရေးခြေကုပ်ရရှိမှုကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေ တန်ယာဟုက အကြိမ်ကြိမ် သတိပေးထားသည်။ ပြီးခဲ့သော ဖေဖော်ဝါရီတွင်လည်း အီရန်က အစ္စရေးပိုင်နက်ထဲသို့ စေလွှတ်ခဲ့သည့် လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်တစ်စင်းကို အစ္စရေးက ကြားဖြတ်ဟန့်တားခဲ့ရသည်။ နေတန်ယာဟုက ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ရုရှားသို့ သွားရောက်နေစဉ် ဇူလိုင် ၁၁ ရက်တွင် ထိုမောင်းသူမဲ့လေယာဉ်အား အစ္စရေးက ဟန့်တားခဲ့ခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent