ထိုင်းဂူထဲမှ ကယ်ထုတ်ခံခဲ့ရသည့်ကလေးများ ကိုယ်အလေးချိန် ကျသွားသော်လည်း ကျန်းမာရေးကောင်းမွန်

ထိုင်းဂူထဲမှ ကယ်ထုတ်ခံခဲ့ရသည့်ကလေးများ ကိုယ်အလေးချိန် ကျသွားသော်လည်း ကျန်းမာရေးကောင်းမွန်
Published 12 July 2018

ထိုင်းဂူထဲမှ ကယ်ထုတ်ခဲ့သည့် ကလေးများအား ကုသပေးနေသည့် ချင်းရိုင်ဆေးရုံတွင် ဇူလိုင် ၁၁ ရက်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (Photo: AFP)

ထိုင်းဂူထဲတွင် ၁၈ ရက်ကြာ နေထိုင်ခဲ့ရပြီး ဇူလိုင် ၁၀ ရက်၌ ကယ်ထုတ်ခံခဲ့ရသော ကလေးများသည် ကိုယ်အလေးချိန် ကျဆင်းခဲ့သော်လည်း ကျန်းမာရေးကောင်းမွန်နေကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ရေလွှမ်းနေသောဂူထဲတွင် ပိတ်မိနေစဉ်အတွင်း ထိုကလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့သည် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခဲ့ကြကြောင်း ထိုကလေးများအဖွဲ့အား ကုသပေးနေသည့် ချင်းရိုင်ပြည်နယ်ဆေးရုံတွင် သတင်းစာရှင်းလင်းပွဲ၌ အများပြည်သူဆိုင်ရာ ကျန်းမာရေးစစ်ဆေးသူ တုံချိုင်းလာ့တ်ဝီလားရာတာနာပေါင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဇူလိုင် ၈ ရက်တွင် ပထမဆုံး ကယ်တင်ခဲ့သော ကလေးလေးဦးသည် အစာများကို ပုံမှန်အတိုင်းစားနိုင်ပြီး လမ်းလျှောက်နိုင်ကာ ဇူလိုင် ၉ ရက်တွင် ထပ်မံကယ်ထုတ်ခဲ့သည့် ကလေးလေးဦးသည် အစာပျော့များကို စားနိုင်ခဲ့သည်။ ဇူလိုင် ၁၀ ရက် ညနေတွင် နောက်ဆုံးကယ်တင်ခဲ့သည့် ကလေးလေးဦးနှင့် နည်းပြတို့အနက် တစ်ဦးတွင် အဆုတ်၌ ကူးစက်မှု အနည်းငယ်ဖြစ်ထားကြောင်း တုံချိုင်းက ပြောကြားခဲ့သည်။ ပထမဆုံး ကယ်တင်ခံရသည့်လေးဦးအနက် နှစ်ဦးတွင် အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ခဲ့ရပြီး ၎င်းတို့သည် ဆေးခုနစ်ရက်သောက်ရမည်ဖြစ်ကြောင်း တုံချိုင်းက ပြောကြားခဲ့သည်။

ထိုကလေးများ၏ ပျမ်းမျှကိုယ်အလေးချိန် ကျဆင်းမှုသည် နှစ်ကီလိုဂရမ် (၄ ဒသမ ၄ ပေါင်) ဖြစ်ကြောင်း၊ ၎င်းတို့သည် ဂူထဲ၌ တစ်စက်တစ်စက်ကျနေသည့်ရေများကို သောက်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုကလေးများအား ပြင်ပမှရောဂါ ကူးစက်မှုများမှ ကြိုတင်ကာကွယ်နိုင်ရန် ဆေးရုံတွင် သီးခြားခွဲထားမည်ဖြစ်သည်။

သို့သော် ကလေးအချို့၏ မိသားစုဝင်များသည် မှန်ကာထားသည့်နေရာမှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး မည်သည့်ပြဿနာမျှ မဖြစ်ခဲ့ပါက ကာလတစ်ခုလွန်လျှင် မိသားစုဝင်များအား ပိုးသတ်ထားသည့်ဝတ်စုံများ ဝတ်ဆင်စေပြီး ကလေးများနှင့် အနီးကပ် တွေ့ဆုံခွင့်ပေးမည်ဖြစ်သည်။

မှောင်မည်းပြီး ကျဉ်းမြောင်းသော ထိုဂူထဲတွင် ထိတ်လန့်ဖွယ် အတွေ့အကြုံများ ကြုံခဲ့ရသော ထိုကလေးများအား စိတ်ဓာတ်ရေးရာ ကျန်းမာရေးအတွက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားထားသည်။

Ref: AFP

Most Read

Most Recent