Instagram က YouTube ကို ဗီဒီယိုဖြင့် ယှဉ်ပြိုင်ရန် ကြိုးပမ်း

Instagram က YouTube ကို ဗီဒီယိုဖြင့် ယှဉ်ပြိုင်ရန် ကြိုးပမ်း
Published 22 June 2018

Photo: AP

ပုံမှန်အသုံးပြုသူ တစ်ဘီလျံကျော်ရှိနေပြီဖြစ်ကြောင်း ဇွန် ၂၀ ရက်တွင် ကြေညာခဲ့သည့် Instagram က YouTube မှ ဗီဒီယိုတင်သူများကို ဆွဲဆောင်ရန် ကြိုးပမ်းသည့် အနေဖြင့် အချိန်ကြာကြာ ကြည့်နိုင်သော ဗီဒီယိုအစီအစဉ်တစ်ခုကို မိတ်ဆက်ကြေညာခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာက အသုံးပြုသူ သန်း ၈၀၀ ရှိခဲ့သော Instagram သည် Facebook က ပိုင်ဆိုင်သည့် အသုံးပြုသူ တစ်ဘီလျံကျော်သွားသော စတုတ္ထမြောက် ဆော့ဝဲလ်ဖြစ်လာခဲ့သည်။

Instagram သည် Twitter နှင့် Snap Chat ကဲ့သို့သော ပြိုင်ဘက်လူမှုမီဒီယာများကို ကျော်တက်ပြီး လူငယ်များကို ပို၍ဆွဲဆောင်နိုင်ခဲ့သည်။ Instagram သည် YouTube ကို တိုက်ရိုက်ယှဉ်ပြိုင်ရန်အတွက် IGTV ကို ထုတ်ဖော်ပြသခဲ့ပြီး ယင်းဆော့ဝဲလ်ကို အသုံးပြုသူများသည် အချိန်ပိုကြာသော ဗီဒီယိုများကို ယင်းနေရာ၌ လွှင့်တင် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် YouTube ကဲ့သို့ပင် ဗီဒီယိုဖန်တီးသူများအတွက်လည်း ရုပ်သံလိုင်း အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။ IGTV သည် ၁၀ မိနစ်အထိကြာသော ဗီဒီယိုများအား အသုံးပြုသူတိုင်းကို တင်ခွင့်ပေးမည်ဖြစ်ပြီး အချို့ကို တစ်နာရီကြာ ဗီဒီယိုများအထိ တင်ခွင့်ပေးမည်ဖြစ်သည်။ Facebook သည် ၂၀၁၂ ခုနှစ်တွင် Instagram ကို ဒေါ်လာ တစ်ဘီလျံနှင့် ဝယ်ယူခဲ့ပြီး ထိုနောက်ပိုင်းတွင် Instagram သည် အသုံးပြုသူနှင့် ကြော်ငြာဝင်ငွေအတွက် အဓိကတွန်းအား ဖြစ်နေသည်။

Ref: AFP