1MDB အရှုပ်တော်ပုံထဲမှ အဓိက ငွေရှင်သူဌေးကို မလေးရှားအစိုးရက ဖမ်းဝရမ်းထုတ်

1MDB အရှုပ်တော်ပုံထဲမှ အဓိက ငွေရှင်သူဌေးကို မလေးရှားအစိုးရက ဖမ်းဝရမ်းထုတ်
Published 9 June 2018

၂၀၁၅ ခုနှစ် မတ် ၁ ရက်က ကွာလာလမ်ပူရှိ 1MDB ကုမ္ပဏီကြော်ငြာဆိုင်းဘုတ်ရှေ့မှ ဖြတ်သန်းသွားသူများကို တွေ့ရစဉ် (Photo: AFP)

ယခင် မလေးရှားအစိုးရအား ရွေးကောက်ပွဲ ရှုံးနိမ့်စေခဲ့သည့် ကြီးမားလှသော ငွေကြေးအရှုပ်တော်ပုံကြီး၏ ဗဟိုချက်မှ ငွေရှင်သူဌေးတစ်ဦးဖြစ်သော ဂျိုလိုကို အစိုးရက ဖမ်းဆီးရန်ကြိုးပမ်းနေသည့်အကြောင်း ဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB နှင့် ပတ်သက်နေသော အရှုပ်တော်ပုံအတွင်းမှ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု စွပ်စွဲခံနေရသည် ဂျိုလိုကို ခြစားမှု ဆန့်ကျင်ရေး အာဏာပိုင်တို့က ဖမ်းဝရမ်းထုတ်ထားသည်ဟု ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် မဟာသီယာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟိတ်ဟန်များလွန်းသော ပလေးဘွိုင်းတစ်ဦးဖြစ်သည့် ဂျိုလိုသည် ဟောလိဝုဒ်မှ ထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် ပါတီပွဲများကျင်းပလေ့ရှိခြင်းကြောင့် လူသိများသူဖြစ်သည်။ ယခင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်သည့် ဂျိုလိုသည် နာဂျစ်နှင့်ပေါင်းပြီး 1MDB မှ ငွေကြေးများကို ခိုးယူသည်ဟု စွပ်စွဲခံနေရခြင်းဖြစ်သည်။

“အာဏာပိုင်တွေဟာ ဂျိုလို (အမည်ရင်း လိုတက်ဂျို) ကို ဖမ်းဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ သူကတော့ နိုင်ငံထဲမှာ မရှိပါဘူး” ဟု မဟာသီယာက သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောခဲ့သည်။ ဂျိုလိုကို 1MDB တွင် ၎င်း၏ ပါဝင်မှုနှင့်ပတ်သက်ပြီး စုံစမ်းနေကြောင်း၊ ထိုကိစ္စများအတွက် ၎င်းမှာ အဖမ်းခံရမည်ဖြစ်ကြောင်းလည်း မဟာသီယာက ပြောကြားခဲ့သည်။

လက်ရှိတွင် ဂျိုလိုမှာ မည်သည့်နေရာသို့ ရောက်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 1MdB မှ ခိုးယူထားသည့် ငွေများနှင့် ဝယ်ယူထားသောဟု ယူဆရသော ဂျိုလို၏ အပျော်စီးသင်္ဘောတစ်စင်းကိုမူ ဖေဖော်ဝါရီလက ဘာလီကျွန်းကမ်းလွန် ပင်လယ်ပြင်တွင် ဖမ်းဆီးမိခဲ့သည်။ ယင်းမတိုင်မီက ဂျိုလိုသည် ထိုသင်္ဘောဖြင့် အာရှတစ်ခွင် လှည့်လည်သွားလာနေသည်ဟု ယူဆရသည်။

1MDB ၏ လက်ခွဲလုပ်ငန်းဟောင်းတစ်ခုကို စုံစမ်းစစ်ဆေးနေစဉ် ဂျိုလို၏ လက်ထောက်တစ်ဦးကို ဖမ်းရန်ကြိုးပမ်းနေသည့်အကြောင်း မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနောက်မကြာမီတွင် ဂျိုလိုကို ဖမ်း ဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ဂျိုလိုသည် ကော်မရှင်ကို ကူညီလိမ့်မည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားသည်။ အသက် ၃၆ နှစ်အရွယ် ဂျိုလိုသည် 1MDB တွင် မည်သည့်တရားဝင်ရာထူးမှ ရရှိထားခြင်းမရှိသော်လည်း 1MDB အပေါ် ကြီးမားသည့် သြဇာလွှမ်းမိုးမှုရှိသည်ဟု ယူဆရသည်။

ဂျိုလိုသည် 1MDB မှ ငွေအမြောက်အမြားကို အမေရိကန်ထဲသို့ ကဲ့ထုတ်ခဲ့ပြီး ယင်းငွေများဖြင့် ရှားပါးအနုပညာပစ္စည်းများမှ တန်ဖိုးမြင့်အိမ်ခြံမြေအထိ အရာအားလုံးကို ဝယ်ယူခဲ့သည်ဟု အမေရိကန်တရားရေးဌာနက စွပ်စွဲထားသည်။ ဂျိုလိုကမူ ၎င်းအနေနှင့် မည်သည့်အမှားများ လုပ်ထားခြင်းမရှိဟု ငြင်းဆိုခဲ့ဖူးသည်။

နာဂျစ်သည် ခရိုနီများနှင့် ပေါင်းပြီး 1MDB မှ ငွေအမြောက်အမြားကို ခိုးယူခဲ့သည်ဆိုသည့် သတင်းများကြောင့် ပြည်သူများ၏ ရွံမုန်းမှုများသည် ပြီးခဲ့သည့်လက ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ နာဂျစ်၏ အာဏာရ ညွန့်ပေါင်း ရှုံးနိမ့်သွားခဲ့ရသော အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။