ဘာစီလိုနာ တိုက်ခိုက်မှုနှင့် ဆက်နွှယ်ဖွယ်ရှိသော ဗုံးထုတ်လုပ်သည့် နေအိမ်ထဲတွင် ဓာတ်ငွေ့ဖောက်ခွဲရေးပစ္စည်းများ စပိန်ရဲများက တွေ့ရှိ

ဘာစီလိုနာ တိုက်ခိုက်မှုနှင့် ဆက်နွှယ်ဖွယ်ရှိသော ဗုံးထုတ်လုပ်သည့် နေအိမ်ထဲတွင် ဓာတ်ငွေ့ဖောက်ခွဲရေးပစ္စည်းများ စပိန်ရဲများက တွေ့ရှိ
Published 22 August 2017

ကားဖြင့် ဝင်တိုက်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့အပြီး သြဂုတ် ၂၀ ရက်က ဝမ်းနည်းခြင်း အထိမ်းအမှတ် မပြုလုပ်မီ ဘာစီလိုနာရှိ ဆာဂရာဒါဖာမီလီယာ ရှေးဟောင်းဘုရားကျောင်းအရှေ့တွင် စောင့်ကြပ်နေသော ရဲများ (Photo: AFP)

စပိန်ရဲများသည် နေအိမ်တစ်လုံးထဲမှ ဓာတ်ငွေ့ဖောက်ခွဲရေးပစ္စည်း ၁၂၀ ကို သြဂုတ် ၂၀ ရက်က တွေ့ရှိခဲ့ကြသည်။ ထိုနေအိမ်သည် လူ ၁၄ ဦးကို သေဆုံးစေခဲ့သော ကားဖြင့် ဝင်တိုက်မှုများကို လုပ်ဆောင်ခဲ့ဖွယ်ရှိသူတို့၏ ဗုံးထုတ်လုပ်ရေး စက်ရုံဟု ယူဆရသည်။

ဂျီဟတ်ဖြစ်ဖွယ်ရှိသည့် ထိုလူများသည် ဘာစီလိုနာမြို့ထဲတွင် တိုက်ခိုက်မှု တစ်ခုထက်မနည်း လုပ်ဆောင်ရန်အတွက် ယင်းကဲ့သို့ ဗုံးများအား ပြင်ဆင်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ဒေသဆိုင်ရာရဲချုပ် ဂျိုးဆက် လူရစ်ထရာပီရိုက ပြောကြားခဲ့သည်။ သို့သော် သံသယရှိသူတို့သည် သြဂုတ် ၁၇ ရက်က ဘာစီလိုနာတိုက်ခိုက်မှု မဖြစ်ပွားမီတွင် ထိုနေအိမ်ထဲ၌ မတော်တဆပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြသည်။ ယင်းအမှားအယွင်းကြောင့် ၎င်းတို့သည် အစီအစဉ်များ ပြောင်းလိုက်ရကာ ဘာစီလိုနာ၌ လူအုပ်ကို ကားဖြင့် ဝင်တိုက်လိုက်ရခြင်းဖြစ်ဖွယ်ရှိသည်။ ယင်းဖြစ်စဉ်အတွင်း လူ ၁၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ နာရီ အနည်းငယ်အကြာတွင် ကာဘရေးမြို့တွင် အလားတူ ကားဖြင့်ဝင်တိုက်မှု နောက်တစ်ခု ထပ်မံဖြစ်ပေါ်ခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ရသည်။ ထိုကားဖြင့်ဝင်တိုက်မှုများကို IS တို့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။ IS တို့က စပိန်တွင် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခြင်းမှာ ပထမဆုံးဖြစ်ဖွယ်ရှိသည်။

ဓာတ်ငွေ့ဖောက်ခွဲရေးပစ္စည်းများကို အယ်ကန်နာမြို့ငယ်ထဲရှိ နေအိမ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကားဖြင့်ဝင် တိုက်သူတို့၏ ဗုံးထုတ်လုပ်ရေးစက်ရုံဟု ယူဆရသော ထိုအိမ်ထဲတွင် TATP တို့ကိုလည်း တွေ့ခဲ့ရသည်။ TATP ဆိုသည်မှာ IS တို့၏ ဝိသေသလက္ခဏာဖြစ်သော လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများဖြစ်သည်။

အိမ်နီးချင်းဖြစ်သော အသက် ၆၁ နှစ်အရွယ် အငြိမ်းစားယူထားသော အမျိုးသမီး မာတင်ဂရိုဘီက ထိုနေအိမ်ထဲတွင် ပြင်သစ်စကားပြောသော အမျိုးသားလေးဦးသည် ဧပြီလကတည်းက နေထိုင်ကြသည်ဟု ပြောကြားခဲ့သည်။ “သူတို့ဟာ သိပ်ကို လျှို့လျှို့ဝှက်ဝှက် နေထိုင်ကြပါတယ်။ အိမ်ပေါက်တွေကိုလည်း မဖွင့်ဘူး။ သီချင်းသံလည်း မကြားဘူး။ မိန်းမနဲ့ ကလေးတွေလည်း မတွေ့ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

စပိန်အကြမ်းဖက်မှုများ နောက်ကွယ်၌ရှိသည့် အကြမ်းဖက်အုပ်စုငယ်ထဲတွင် လူ ၁၂ ဦးထက်မနည်း ပါဝင်သည်ဟု ထောက်လှမ်းရေးများက ယူဆနေကြသည်။ ၎င်းတို့ထဲမှ အချို့မှာ ဆယ်ကျော်သက်များဖြစ်ကာ အဒီဘာကီအက်ဆက်တီ အမည်ရ ဗလီဆရာ တစ်ဦးလည်း ပါဝင်သည်။ ထိုဗလီဆရာသည် ရီပိုမြို့ငယ်ထဲတွင် လူငယ်အများအပြားကို အစွန်းရောက်အောင် လုပ်ဆောင်ခဲ့ဖွယ်ရှိသည်။ လက်ရှိတွင် ရဲများသည် ဘာစီလိုနာ၌ ဝင်တိုက်ခဲ့သည့်ကားအား မောင်းခဲ့သည်ဟု ယူဆရသော ၂၂ နှစ်အရွယ် မော်ရိုကို အမျိုးသားကို လိုက်လံရှာဖွေနေကြသည်။ ထိုအမျိုးသားသည် စပိန်နိုင်ငံအပြင်ဘက်သို့ ထွက်ပြေးသွားဖွယ်ရှိသည်။

Ref: AFP