မလေးရှားက 1 MDB အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ဖွဲ့စည်း

မလေးရှားက 1 MDB အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ဖွဲ့စည်း
Published 22 May 2018

၂၀၁၅ ခုနှစ် မေ ၁၄ ရက်က ကွာလာလမ်ပူရှိ 1 MDB ကုမ္ပဏီ၏ ဆိုင်းဘုတ်တစ်ခုရှေ့တွင် ဆောက်လုပ်ရေးအလုပ်သမားများ စကားပြောနေကြစဉ် (Photo - AP)

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က ထူထောင်ခဲ့သည့် အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB မှ ဒေါ်လာဘီလျံများစွာ ခိုးယူခံခဲ့ရမှု အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးရန် မလေးရှားအစိုးရက မေ ၂၁ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

မလေးရှားနိုင်ငံအား ဆယ်စုနှစ်ခြောက်ခုကျော်ကြာ အဟန့်အတားမရှိ အုပ်ချုပ်နိုင်ခဲ့သည့် နာဂျစ်၏ အာဏာရညွန့်ပေါင်းအား မေ ၉ ရက်က ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရခဲ့သည့် ပြုပြင်ပြောင်းလဲရေး ညွန့်ပေါင်းပါတီကို မဟာသီယာမိုဟာမက်က ဦးဆောင်ခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်ခန့်အုပ်ချုပ်ခဲ့သည့် မဟာသီယာ၏ အတိုက်အခံညွန့်ပေါင်းက အံ့အားသင့်ဖွယ် အနိုင်ရစေခဲ့သည့် အဓိက အချက်တစ်ချက်မှာ အာဏာရအထက်တန်းလွှာအတွင်း အကျင့်ပျက်ခြစားမှုများ ထူပြောနေခြင်း၊ အထူးသဖြင့် 1 MDB နှင့် ပတ်သက်သော အရှုပ်တော်ပုံအား ပြည်သူများက အလွန်အမင်း ဒေါသထွက်မှုဖြစ်သည်။

မလေးရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ပေးရန်အတွက် ၂၀၀၉ ခုနှစ်တွင် 1 Malaysia Development Berhad (1 MDB ) ကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ နာဂျစ်၊ ၎င်း၏ မိသားစုနှင့် ခရိုနီများသည် 1 MDB  မှ ငွေများအား ခိုးယူခဲ့ပြီး အိမ်ခြံမြေမှသည် အနုပညာပစ္စည်းများအထိ ပိုင်ဆိုင်မှုအမျိုးမျိုးကို ခိုးယူထားသော ပြည်သူ့ဘဏ္ဍာများနှင့် ဝယ်ယူခဲ့သည်ဟု စွပ်စွဲခံထားရသော အရှုပ်တော်ပုံသည် ကေမန်းအိုင်းလန်းမှသည် နယူးယောက်ထိ လွှမ်းခြုံခဲ့သည်။

အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံထားရသည့် နာဂျစ်အား ဖယ်ရှားရန် အနားယူနေရာမှ နိုင်ငံရေးသို့ တစ်ကျော့ပြန်ထွက်လာခဲ့သည့် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သော မဟာသီယာက 1 MDB အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုကို ပြန်လည်ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

ထို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည်  1 MDB အရှုပ်တော်ပုံနှင့် ဆက်နွှယ်သည့် ဥပဒေချိုးဖောက်သည်ဟု သံသယရှိသူများအား ဥပဒေကြောင်းအရ အရေးယူခြင်းနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများအား သိမ်းယူခြင်းတို့ကို လုပ်ပိုင်ခွင့်ရထားကြောင်း မဟာသီယာ၏ ရုံးက ထုတ်ပြန်ခဲ့သည်။ အေဂျင်စီမျိုးစုံ ပါဝင်သည့် ထိုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် 1 MDB  အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် အမည်းစက်ထင်ခဲ့သော မလေးရှား၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန်အတွက် ကူညီပေးနိုင်မည်ဟု အစိုးရက မျှော်လင့်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့နှင့် နိုင်ငံတော် ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများအပြင် နာဂျစ်လက်ထက်က ထူထောင်ခဲ့ပြီး ဖျက်သိမ်းခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟောင်းမှ အဖွဲ့ဝင်များလည်း ပါဝင်မည်ဖြစ်သည်။

1 MDB အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ရှေ့နေချုပ်ဟောင်း အဗ္ဗဒူဂါနီပါတေးက စုံစမ်းစစ်ဆေးရေးအဖွဲ့သစ်ကို ဦးဆောင်မည်ဖြစ်သည်။ ထိုအဖွဲ့သစ်သည် အမေရိကန်၊ ဆွစ်ဇာလန်၊ စင်ကာပူနှင့် ကနေဒါတို့အပါအဝင် အခြားနိုင်ငံများရှိ ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း မဟာသီယာ၏ရုံးက ထုတ်ပြန်ခဲ့သည်။

Ref; AFP