အီရန် နျူကလီးယားသဘောတူညီချက်အား ကယ်တင်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးက သံတမန်ရေးခရီးစဉ်၌ ကြိုးပမ်းမည်

အီရန် နျူကလီးယားသဘောတူညီချက်အား ကယ်တင်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီးက သံတမန်ရေးခရီးစဉ်၌ ကြိုးပမ်းမည်
Published 13 May 2018

မေ ၈ ရက်က တီဟီရန်တွင် နိုင်ငံတော်သို့ ရုပ်သံမိန့်ခွန်းပြောနေသော အီရန်သမ္မတ ရိုဟာနီ (ယာ) ကို တွေ့ရစဉ် (Photo: AP)

ဝါရှင်တန်က နုတ်ထွက်သွားခဲ့ပြီးနောက် အီရန်နျူကလီးယားသဘောတူညီချက်ကို ကာကွယ်နိုင်ရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များက အပူတပြင်းကြိုးပမ်းနေကြစဉ် အီရန် နိုင်ငံခြားရေးဝန်ကြီးက ထိုသဘောတူညီချက်အား ကယ်တင်နိုင်ရန် သံတမန်ရေးခရီးစဉ်ကို မေ ၁၂ ရက်တွင် စတင်ခဲ့သည်။ အီရန်တိုက်ခိုက်ရေးသမား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ဆီးရီးယားရှိ အီရန်ပစ်မှတ်များအား အစ္စရေးက မကြုံစဖူး လေကြောင်းမှတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့အပြီး နှစ်ရက်အကြာတွင် နိုင်ငံခြားရေးဝန်ကြီးဂျာ ဗက်ဇာရစ်က ထိုခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

ဇာရစ်သည် ပေကျင်း၊ မော်စကိုနှင့် ဘရပ်ဆဲတို့သို့ သွားရောက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အား လက်မှတ်ထိုးခဲ့သည့် ကျန်နိုင်ငံများအားလုံးနှင့် ဆွေးနွေးမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက သံတမန်ရေးရာ အောင်ပွဲအဖြစ် အသိအမှတ်ပြုခဲ့သည့် ထိုသမိုင်းဝင် သဘောတူညီချက်မှ နုတ်ထွက်မှုအတွက် အစွန်းရောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရဟု ပြင်းပြင်းထန်ထန် ဝေဖန်သည့် အစိုးရကြေညာချက်တစ်ရပ်ကို ဇာရစ်က ခရီးစဉ်မထွက်ခွာမီ Twitter ၌ ထုတ်ပြန်ခဲ့သည်။

ဥရောပထံမှ ခိုင်မာသောအာမခံချက်များသာ မရပါက အီရန်သည် မည်သည့်အကန့်အသတ်မျှမပါဘဲ ယူရေနီယမ်သန့်စင်မှုကို ကြီးမားသောပမာဏအထိ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ထပ်မံခြိမ်းခြောက်ခဲ့သည်။ အမေရိကန်က အီရန်အား ပိတ်ဆို့အရေးယူမှုများ ပြန်လည်ပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သော်လည်း ဥရောပကမူ အီရန်နှင့် ကုန်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ကတိပြုထားသည်။

မေ ၁၀ ရက်တွင် ဆီးရီးယား၌ အီရန်နှင့် အစ္စရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ရှုပ်ထွေးနေချိန်၌ ဇာရစ်၏ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အိမ်နီးချင်းဆီးရီးယားတွင် အီရန်၏ စစ်ဘက်ဆိုင်ရာ ခြေကုပ်ယူမှုအား ကြိုတင်ကာကွယ်သွားမည်ဟု ကတိပြုထားသည့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော ဆီးရီးယားအစိုးရဘက်တော်သား ၂၇ ဦးထဲတွင် အီရန်တိုက်ခိုက်ရေးသမား ၁၁ ဦး ပါဝင်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က မေ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဥရောပမိတ်ဖက်များနှင့် ကင်းကွာသွားစေနိုင်သည့် ဒေသဆိုင်ရာပဋိပက္ခတွင် အရှိန်မြင့်တက်မှုမှ ရှောင်ရှားရန် ကြိုးပမ်းနေသော တီဟီရန်က ၎င်း၏တိုက်ခိုက်ရေးသမားများ တိုက်ခိုက်ခံခဲ့ရခြင်း ရှိ၊ မရှိကို မှတ်ချက်မပေးခဲ့ပေ။ အီရန်၏ တော်လှန်ရေးအစောင့်တပ်က မေ ၁၀ ရက်တွင် အစ္စရေးသိမ်းယူထားသော ဂိုလန်ကုန်းမြင့်သို့ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်မှုကို အစပျိုးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးနှင့် ၎င်း၏မဟာမိတ်များက အပြစ်တင်ခဲ့ကြသည်။ အီရန်ကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ပြောဆိုနေမှုများအား ငြင်းဆိုခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုများသည် ဖန်တီးထားသော မူမမှန်သည့် အကြောင်းပြချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

Most Read

Most Recent