ရထားပေါ်လက်ဖက်ရည်ရောင်းရန် သန့်စင်ခန်းရေကို အသုံးပြုခဲ့ပြီးနောက် အိန္ဒိယတွင် ဒေါသူပုန်ထမှုဖြစ်

ရထားပေါ်လက်ဖက်ရည်ရောင်းရန် သန့်စင်ခန်းရေကို အသုံးပြုခဲ့ပြီးနောက် အိန္ဒိယတွင် ဒေါသူပုန်ထမှုဖြစ်
Published 5 May 2018

Photo: Sceengrab of the video (Twiter: @PunitTyagi)

အိန္ဒိယနိုင်ငံတွင် အစားအစာ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မြင့်တက်နေစဉ် အိန္ဒိယနိုင်ငံသား လက်ဖက်ရည် ရောင်းသူတစ်ဦးသည် ခရီးသည်များထံ လက်ဖက်ရည် မရောင်းမီ သန့်စင်ခန်းမှ ရေများယူသည့် ဗီဒီယိုပျံ့နှံ့ခဲ့ပြီးနောက် ဒဏ်ငွေ ချမှတ်ခံခဲ့ရသည်။

ချင်နိုင်း-ဟိုက်ဒရာဘတ် အမြန်ရထားပေါ်မှ ဈေးသည်နှင့် နောက်ထပ်နှစ်ဦးသည် လက်ဖက်ရည်နှင့် ကော်ဖီထည့်သည့် ဘူးကြီးများဖြင့် သန့်စင်ခန်းမှ ထွက်လာသည့် ဗီဒီယိုထွက်ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ယင်းဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေကြောင်း၊ လက်ဖက်ရည်ရောင်းသူကို ဒေါ်လာ ၁,၅၀၀ နှင့် ညီမျှသည့် ဒဏ်ငွေချမှတ်ခဲ့ကြောင်း အိန္ဒိယမီးရထားဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းဗီဒီယိုကို တီလန်ဂါနာပြည်နယ်၊ Secunderabad မြို့တွင် ခုတ်မောင်းနေသည့် ရထားတစ်စီးပေါ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ လက်ဖက်ရည်ရောင်းသူက ဈေးသည်အဖွဲ့သည် ဘူးတစ်ဘူးထဲမှ နို့ကို အခြားတစ်ဘူးထဲသို့ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူရှေ့တွင် ယင်းသို့မလုပ်ချင်သောကြောင့် သန့်စင်ခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

လတ်တလော ဖြစ်ရပ်များစွာက အိန္ဒိယတွင် အစားအစာဘေးကင်းလုံခြုံရေးအတွက် မီးမောင်းထိုးပြခဲ့သည်။ အရှေ့ဘက်ကိုလ်ကတ္တားမြို့တွင် ယခုသီတင်းပတ်၌ အသားအပုပ်အသိုး တန်ချိန်များစွာကို စားသောက်ဆိုင်များသို့ ရောင်းချသည့် တရားမဝင် လုပ်ငန်းတစ်ခုကို ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့သည်။ ယင်းဖြစ်စဉ်အတွက် လူ ရှစ်ဦးကို ဖမ်းဆီးထားသည်။ အစိုးရစာရင်းအင်းများအရ အိန္ဒိယတွင် အစာအဆိပ်သင့်မှုသည် အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ၁,၄၆၉ ခုဖြစ်ပွားခဲ့ပြီး ၂၄၂ ခုသည် ပြင်းထန်သည်ဟု သိရသည်။

Most Read

Most Recent