ပျောက်ဆုံး မလေးရှားလေယာဉ်ရှာဖွေမှုတွင် သင်္ဘောပျက်နှစ်စင်းအား ရှာဖွေတွေ့ရှိ

ပျောက်ဆုံး မလေးရှားလေယာဉ်ရှာဖွေမှုတွင် သင်္ဘောပျက်နှစ်စင်းအား ရှာဖွေတွေ့ရှိ
Published 4 May 2018

သြစတြေးလျ သယ်ယူပို့ဆောင်မှုဘေးကင်းရေးအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ ပင်လယ်ကြမ်းပြင်၌ သင်္ဘောပျက်တစ်စင်းကို တွေ့ရစဉ် (Photo: AFP)

ထူးဆန်းစွာ ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် အမှတ် MH-370 အား ဝေးလံသော အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း၌ ရှာဖွေမှုအတွင်း ၁၉ ရာစုမှ ကျောက်မီးသွေးတင်သော ကုန်သည်သင်္ဘောပျက်များဟု ယူဆရသော သင်္ဘောပျက်နှစ်စင်းကို တွေ့ရှိခဲ့ရကြောင်း သြစတြေးလျက မေ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်မှ အများစုပါဝင်လျက် လူ ၂၃၉ ဦး လိုက်ပါလာသော MH-230 သည် ၂၀၁၄ ခုနှစ် မတ်တွင် ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းလာစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ထိုလေယာဉ်အား လေကြောင်းသမိုင်းတွင် အကြီးမားဆုံး ရှာဖွေမှုအတွင်း မည်သည့်လေယာဉ်အပျက်အစီးကိုမျှ မတွေ့ခဲ့ရဘဲ ရှာဖွေမှုအား ပြီးခဲ့သောနှစ် ဇန်နဝါရီတွင် ရပ်ဆိုင်းခဲ့သည်။ သို့သော် သြစတြေးလျ ဦးဆောင်သော ရှာဖွေရေးအဖွဲ့သည် ရေအောက်အနက် မီတာ ၃၉၀၀ (ပေ ၁၃၀၀၀) ၌ သင်္ဘောပျက်နှစ်စင်းကို တွေ့ရှိခဲ့သည်။

ထိုသင်္ဘောပျက်နှစ်စင်းသည် ၁၉ ရာစုခေတ်က သစ်သားသင်္ဘောတစ်စင်းနှင့် သံဖြင့်ပြုလုပ်ထားသော သင်္ဘောတစ်စင်းတို့ ဖြစ်ပြီး နှစ်စင်းစလုံးသည် ကျောက်မီးသွေး တင်ဆောင်ခဲ့ကြောင်း အနောက်သြစတြေးလျ ပြတိုက်မှ ရေကြောင်းရှေးဟောင်းသုတေသနဆိုင်ရာ ပြတိုက်မှူးရော့စ်အင်ဒါဆန်က ပြောကြားခဲ့သည်။ ထိုခေတ်က ကုန်တင်သင်္ဘောများသည် လူ ၁၅ ဦးနှင့် ၃၀ အကြား တင်ဆောင်ခဲ့ဖွယ်ရှိသော်လည်း တစ်ခါတစ်ရံတွင် ကပ္ပတိန်များသည် ၎င်းတို့၏ဇနီး၊ ကလေးများနှင့်အတူ သွားလေ့ရှိသည်ဟု သိရသည်။

တွေ့ရှိခဲ့သော ထိုသင်္ဘောနှစ်စင်းစလုံးသည် လူပိုများ တင်ဆောင်ခဲ့ဖွယ်ရှိဟုလည်း သိရသည်။ ထိုသင်္ဘောများသည် မည်သည့် သင်္ဘောအမျိုးအစားဖြစ်ကြောင်း အတိအကျ သတ်မှတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ သို့သော် ဖြစ်နိုင်ခြေများအတွက် ဗြိတိန်ရေကြောင်းသွားလာမှု သတင်းရင်းမြစ်များမှ သတင်းအချက်အလက်များကို အခြေပြုထားခြင်း ဖြစ်ကြောင်း အင်ဒါဆန်က ပြောကြားခဲ့သည်။

ထိုသစ်သားသင်္ဘောသည် ၁၈၇၆ ခုနှစ် တွင် စကော့တလန်ရှိ ဂလက်စ်ဂိုမှ Adelaide သို့သွားရောက်စဉ် ပျောက်ဆုံးခဲ့သည့် W.Gordon သို့မဟုတ် ဝေးလ်ရှိ ပင်နာ့တ်မှ အင်ဒိုနီးရှားရှိ တာနေးသို့ သွားရောက်စဉ် ပျောက်ဆုံးခဲ့သည့် Magdala သင်္ဘောအနက် တစ်စင်းစင်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းခဲ့သည်။

သို့သော် သံသင်္ဘောသည် ရွက်သင်္ဘောများဖြစ်သော ၁၈၉၄ ခုနှစ်က Kooringa ၊ ၁၈၉၇ ခုနှစ်က Lake Ontario နှင့် ၁၈၈၃ ခုနှစ်က West Ridge တို့အနက် တစ်စင်းစင်း ဖြစ်နိုင်ပြီး West Ridge က အဖြစ်နိုင်ဆုံး ဖြစ်ကြောင်း အင်ဒါဆန်က ပြောကြားခဲ့သည်။

သစ်သားသင်္ဘော၏ ကိုယ်ထည်နှင့် အခြားသစ်များသည် လုံးဝပျက်စီးနေပြီဖြစ် ပြီး ၎င်း၏ကျောက်မီးသွေးကုန် အကြွင်းအကျန်များနှင့် ကျောက်ဆူးကဲ့သို့ သံပစ္စည်း အကြွင်းအကျန်များသာ ကျန်ခဲ့သည်။ ထိုအထောက်အထားများကြောင့် သစ်သားသင်္ဘောသည် ကျောက်မီးသွေးများ တင်ပို့ရာတွင် ပုံမှန်ဖြစ်ပွားလေ့ရှိသော ပေါက်ကွဲမှုကဲ့သို့ဖြစ်ရပ်ကြောင့် နစ်မြုပ်ခဲ့ဖွယ်ရှိဟု ဖော်ပြနေကြောင်း အင်ဒါဆန်က ဆိုသည်။ သံသင်္ဘောမှာမူ ပင်လယ်ကြမ်းပြင်တွင် ပကတိအတိုင်း ထောင်လျက်ရှိနေပြီး ကုန်းပတ်နှစ်ခုထက်မနည်းနှင့် ပဲ့ပိုင်းရှိ ပြတင်းဝိုင်းများကို တွေ့ခဲ့ရသည်။