ဟက်ကာပြုလုပ်မှုအတွက် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအား အီရန်က ပြင်းပြင်းထန်ထန် ဝေဖန်

ဟက်ကာပြုလုပ်မှုအတွက် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအား အီရန်က ပြင်းပြင်းထန်ထန် ဝေဖန်
Published 25 March 2018

အီရန်အစိုးရထောက်ပံ့သော ဟက်ကာပြုလုပ်မှုတွင် ပါဝင်မှုဖြင့် အလိုရှိသော အီရန်နိုင်ငံသားကိုးဦး၏ ဓာတ်ပုံများကို FBI က ထုတ်ပြန်ထားစဉ် (Photo - AP)

အစိုးရထောက်ပံ့သော ဧရာမဟက် ကာပြုလုပ်မှုနှင့် ဉာဏပစ္စည်းများအား ခိုးယူမှုတို့တွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် အမေရိကန်က အီရန်နိုင်ငံသား ၁၀ ဦးနှင့် ကုမ္ပဏီတစ်ခုအား ပိတ်ဆို့အရေးယူမှုသစ် ချမှတ်လိုက်ခြင်းကို အီရန်က မတ် ၂၄ ရက်တွင် ပြင်းပြင်းထန်ထန် ပြန်လည်ဝေဖန်ခဲ့သည်။ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကိုယ်စား တက္ကသိုလ်ရာပေါင်းများစွာကို ဟက်ကာပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် အီရန်နိုင်ငံ သား ၁၀ ဦးနှင့် Mabna        Institute တို့ကို ပိတ်ဆို့အရေးယူမှု ချမှတ်ခြင်းနှင့်အတူ အီရန်ကိုးဦးတို့အား စွဲဆိုခဲ့သော စွဲချက်များအား အမေရိကန်ဘဏ္ဍာရေးဌာနက မတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘာရမ်ဂါဆီနီက ထိုစွပ်စွဲချက်များသည် မှားယွင်းနေကြောင်း တုံ့ပြန်ခဲ့သည်။ အမေရိကန်ခေါင်းဆောင်များက အီရန်ပြည်သူများအား ဦးတည်သော ရန်လိုမှုနှင့် မလိုမုန်းထားမှု လက္ခဏာသစ်များဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ ရန်လိုသော၊ တရားမဝင်သော မမျှတသောလုပ်ရပ်များအား အီရန်က ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ၎င်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Mabna          Institute အား ထူထောင်သူ နှစ်ဦးဖြစ်သော အသက် ၃၈ နှစ်ရှိ ဂိုလမ်ရီဇာရာဖက်နီဂျစ်နှင့် အသက် ၃၇ နှစ်ရှိ အာဆန် မိုဟာမဒီတို့သည် နယူးယောက်တွင် စွဲချက်တင်ခံရသည့် အီရန်ကိုးဦးထဲတွင် ပါဝင်ခဲ့ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများအား အမေရိကန်က သိမ်းယူမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း Mabna Institute သည် အမေရိကန် တက္ကသိုလ် ၁၄၄ ခု၏ ကွန်ပျူတာစနစ်များကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး ပြည်ပနိုင်ငံ ၂၁ နိုင်ငံတို့၌ တက္ကသိုလ် ၁၇၆ ခုတို့၏ ကွန်ပျူတာစနစ်များကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းအင်စတီကျုမှ ဝန်ထမ်းများနှင့် ကန်ထရိုက်တာများသည် ကိုယ်ကျိုးစီးပွားအတွက် အမေရိကန်နှင့် တတိယကမ္ဘာနိုင်ငံများရှိ တက္ကသိုလ်ရာပေါင်းများစွာမှ အဖိုးတန်သော ဉာဏပစ္စည်းများနှင့် အချက်အလက်များအား ခိုးယူမှုတွင် ပါဝင်ခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါထိုး ဖောက်ဝင်ရောက်မှုများ၏ အများစုအတွက် စွပ်စွဲခံရသူများသည် အီရန်အစိုးရကိုယ်စား၊ အထူးသဖြင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့အတွက် လုပ်ဆောင်ပေးခဲ့ကြောင်းလည်း ယင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါထိုးဖောက်တိုက်ခိုက်ခံရမှုများတွင် အမေရိကန်အလုပ်သမားရေးရာဌာန၊ အမေရိကန်ဖက်ဒရယ်စွမ်းအင် စည်းမျဉ်းထိန်းသိမ်းရေးကော်မရှင်၊ ပုဂ္ဂလိကကုမ္ပဏီ ဒါဇင်များစွာနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေကဲ့သို့ NGO အဖွဲ့များလည်း ပစ်မှတ်ထားခံခဲ့ရသည်ဟု သိရသည်။

ဖော်ထုတ်သိရှိခဲ့သမျှတွင် အကြီးဆုံးဖြစ်သော အစိုးရထောက်ပံ့သည့် ဟက်ကာပြုလုပ်မှု၌ ထိုအီရန်နိုင်ငံသားများသည် အီးမေးလ်များ၏ စကားဝှက်များကို ခိုးယူနိုင်ရန် ရည်ရွယ်သော “Spearphishing” တိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ref ; AFP