အရှုပ်တော်ပုံကြောင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှနုတ်ထွက်ရန် ဂျပန်၌ ဆန္ဒပြတောင်းဆို

အရှုပ်တော်ပုံကြောင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှနုတ်ထွက်ရန် ဂျပန်၌ ဆန္ဒပြတောင်းဆို
Published 25 March 2018

ဂျပန်ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့အား ရာထူးမှ နုတ်ထွက်ကြရန် တိုကျိုတွင် မတ် ၂၃ ရက်က တောင်းဆိုဆန္ဒပြနေသူများကို တွေ့ရစဉ် (Photo- AFP)

ဂျပန်နိုင်ငံ မြို့တော်တိုကျိုတွင် မတ် ၂၃ ရက်က  အတိုက်အခံလွှတ်တော်အမတ်များ အပါအဝင် ဆန္ဒပြသူရာပေါင်းများစွာသည် ဘက်လိုက်မျက်နှာသာပေးခြင်း၊ အရှုပ်တော်ပုံကို ဖုံးဖိထားခြင်းတို့နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား နုတ်ထွက်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ထိုဖြစ်စဉ်သည် အာဘေး၏ လူကြိုက်များမှုကိုလည်း ရိုက်ချိုးပစ်ခဲ့သည်။

အဆိုပါနေ့နံနက်ခင်းအချိန် မိုးဖွဲဖွဲကျနေစဉ် လူပေါင်း ၇၀၀ ကျော်သည် ဝန်ကြီးချုပ်ရုံးရှေ့တွင် စုဝေးခဲ့ကြခြင်းဖြစ်သည်။ ယင်းသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြုလုပ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအနက် အကြီးဆုံးတစ်ခုလည်း ဖြစ်လာခဲ့သည်။

“အာဘေးကို ဖိအားပေးပြီးရာထူးက ဆင်းသွားစေဖို့ လုပ်ကြရအောင်” ဟု အတိုက်အခံ ဆိုရှယ်ဒီမိုကရက်ပါတီမှ အကြီးတန်း ဥပဒေပြုအမတ်တစ်ဦးက လူအုပ်ကြီးကို ပြောကြားခဲ့သည်။ အခြားဆန္ဒပြသူများကလည်း “အလိမ်အညာတွေ ပြည့်နေတဲ့အာဘေးနိုင်ငံရေးကို တို့တတွေ စိတ်ကုန်နေပြီ” အစရှိသော စာသားများရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားခဲ့ကြသည်။

အာဘေးထောက်ခံသူတစ်ဦးအား အစိုးရမြေကို ဈေးလျှော့၍ ရောင်းခဲ့ခြင်းနှင့် ပတ်သက်သည့် အရှုပ်တော်ပုံကြောင့် ဝန်ကြီးချုပ်အာဘေးမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အကျပ်အတည်းအတွင်း ကျရောက်နေခဲ့သည်။ အဆိုပါ မြေရောင်းချခြင်း သဘောတူညီချက်ကို ကြီးကြပ်ခဲ့သောဘဏ္ဍာ ရေးဝန်ကြီးဌာနမှ အကြီးအကဲဟောင်း နိုဘူဟီဆာ ဆာဂါဝါအား ပါလီမန်တွင် စစ်ဆေးခံရန် မတ် ၂၇ ရက်၌ လာရောက်ရန်ဆင့်ခေါ်ခံထားရစဉ် ယခု ဆန္ဒပြမှုကြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။

အာဘေး၏ ဇနီးအာကီ၏ အမည်အား ဖျက်ပစ်ခြင်းအပါအဝင် ထိုမြေရောင်းချမှုနှင့် ပတ်သက်သည့် အချက်အလက်များမှာ ပြောင်းလဲခံထားရကြောင်းကို ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ဝန်ခံခဲ့သည်။

ဆန္ဒပြသူများက အာကီအာဘေးကိုပါ ပါလီမန်သို့ ဆင့်ခေါ်၍ စစ်ဆေးရန်ဆော်သြခဲ့ကြသည်။ ဝန်ကြီးချုပ်ကမူ ဇနီးဖြစ်သူကို ဆင့်ခေါ်ရန် အတိုက်အခံများ၏ တောင်းဆိုမှုများကို ရှောင်ရှားရန် ကြိုးပမ်းနေသည်။ ယခုအရှုပ်တော်ပုံသည် ၎င်းတွင် တာဝန်ရှိသည်ဟု အထူးတလည်ခံစားရသည်ဟု အာဘေးက ပြောကြားခဲ့ကာ ထပ်တလဲလဲ တောင်းပန်ခဲ့သည်။ သို့သော် အာဘေးက ၎င်းနှင့် ဇနီးဖြစ်သူမှာမူ ထိုဖြစ်စဉ်ထဲ၌ ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုထားသည်။

ထို့ပြင် ဝန်ကြီးချုပ်အပေါ် လူထုထောက်ခံမှုနှုန်းမှာလည်း ကျဆင်းသွားပြီး ၂၀၁၂ ခုနှစ်ကုန်တွင် အာဘေးအာဏာ ပြန်ရလာပြီးနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေကြောင်း သိရသည်။

ခေတ်ဆန်သည့် အသိုင်းအဝိုင်းတွင် ရေပန်စားသူတစ်ဦးဖြစ်သော အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ်ကတော် အာကီ အာဘေးက ၎င်းသည် ခင်ပွန်းဖြစ်သော ရှင်ဇိုအာဘေး၏ အတိုက်အခံတစ်ဦးဖြစ်သည်ဟု မိမိကိုယ်ကိုယ် တစ်ချိန်က ဖော်ညွှန်းခဲ့သူ ဖြစ်သည်။ အာဘေးသည် ယခုကဲ့သို့နုတ်ထွက်ရန် ဖိအားများပေးခံနေရချိန်တွင် အာကီ အာဘေးမှာမူ Instagram နှင့် Facebook တို့တွင် ဓာတ်ပုံတင်ခြင်း၊ မှတ်ချက်ပေးခြင်းများဖြင့် လူမှုမီဒီယာများပေါ်၌ လှုပ်ရှားမှုများ ရှိနေဆဲဖြစ်သည်။

Ref; AFP