ရာထူးမှဖယ်ရှားခံရမှုသည် အာဏာသိမ်းခံရမှုဟု ဇင်ဘာဘွေသမ္မတဟောင်းမူဂါဘီ ပြောကြား

ရာထူးမှဖယ်ရှားခံရမှုသည် အာဏာသိမ်းခံရမှုဟု ဇင်ဘာဘွေသမ္မတဟောင်းမူဂါဘီ ပြောကြား
Published 17 March 2018

Photo: AFP

ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီက ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် ရာထူးမှထွက်ခွာခဲ့ရမှုသည် အာဏာသိမ်းမှုဖြစ်ကြောင်း ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက်ပိုင်း မတ် ၁၅ ရက်တွင် ထုတ်လွှင့်ခဲ့သော ၎င်း၏ ပထမဆုံးအကြိမ် ရုပ်သံအင်တာဗျူးများ၌  ပြောကြားခဲ့သည်။

မြို့တော်ဟာရာရီရှိ ရုံးတစ်ရုံးမှနေ၍ တောင်အာဖရိကရုပ်သံ SABC ၏ ထုတ်လွှင့်မှုတွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် မူဂါဘီက သူ နှင့် သူ၏ဇနီးဖြစ်သူ ဂရေ့စ်တို့၏ ပုံတူ ပန်းချီကားရှေ့တွင် ထိုင်လျက် ဖြည်းညင်းစွာဖြင့် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

“အဲဒါက အာဏာသိမ်းမှုတစ်ခုပါ။ လူတချို့တော့ ဒါကို အာဏာသိမ်းမှုလို့ ခေါ်ဖို့ ငြင်းဆန်ခဲ့ကြတယ်” ဟု ၎င်းရာထူးမှ နုတ်ထွက်ခဲ့ရပြီးနောက် စစ်ဘက်က အာဏာကို အခိုက်အတန့် ဝင်ရောက်ထိန်းချုပ်မှုအား ရည်ညွှန်းလျက် မူဂါဘီက ပြောကြားခဲ့သည်။

၎င်းတို့က ကိုယ့်ကိုယ်ကိုယ် ပြဋ္ဌာန်းခဲ့ကြသော ယင်းရှက်ဖွယ်ဖြစ်စဉ်ကို ပျက်ပြယ်စေရန် လုပ်ဆောင်သင့်ကြောင်း၊ ၎င်းတို့သည် ယင်းနှင့် မထိုက်တန်ကြောင်း၊ ဇင်ဘာဘွေက ယင်းနှင့် မထိုက်တန်ကြောင်း မူဂါဘီကပြောကြားခဲ့သည်။ ဗြိတိန်ရုပ်သံ ITV News နှင့် နောက်ထပ် အလားတူအင်တာဗျူးတွင်လည်း မူဂါဘီက “ကျုပ် သမ္မတ မဖြစ်ချင်တော့ဘူး။ တကယ်ပါ။ အခု အသက် ၉၄ နှစ်ရှိပြီလေ” ဟု ပြောကြားခဲ့သည်။

၎င်း၏နေရာအား ဆက်ခံခဲ့သည့် အသက် ၇၅ နှစ်ရှိပြီဖြစ်သော အမ်မာဆန်အမ်နန်ဂါဂွါအား မုန်းတီးခြင်း မရှိကြောင်း မူဂါဘီက အင်တာဗျူးနှစ်ခုစလုံး၌ ပြောကြားခဲ့သော်လည်း အမ်နန်ဂါဂွါသည် တစ်နိုင်ငံလုံးအား သစ္စာဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။  ဖြုတ်ချခံခဲ့ရသော မူဂါဘီက သူသည် သမ္မတသစ်နှင့် လက်တွဲလုပ်မည်မဟုတ်ကြောင်း၊ ၎င်း၏သမ္မတဖြစ်မှုသည် တရားမဝင်ဘဲ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်လည်း မညီကြောင်း ပြောကြားခဲ့သည်။ “လူတွေက အစိုးရတစ်ရပ်ကို စနစ်တကျနဲ့ ရွေးချယ်ခွင့်ရသင့်တယ်။ ဒီကိစ္စကို ဆွေးနွေးချင်တယ်။ အဲဒီအတွက် ကူညီချင်တယ်။ ဒါပေမဲ့ ကျုပ်ကို ဖိတ်ဦးမှပါ”  ဟု မူဂါဘီက ပြောကြားခဲ့သည်။

သမ္မတသစ် အမ်နန်ဂါဂွာအတွက် ပထမဆုံး ရွေးကောက်ပွဲစမ်းသပ်မှုဖြစ်လာမည့် သြဂုတ်လကုန်ပိုင်း၌ ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲများမတိုင်မီ မူဂါဘီ၏ ယင်း ပြောကြားချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ “သူ့စိတ်ထဲမှာ (မူဂါဘီက) ပြဿနာ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ ပြီးတော့ သူက အဖြေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ရှုမြင်နေတယ်”  ဟု ဂျိုဟန်နက်စဘတ် အခြေစိုက် Political Economy Southern Africa ပညာရှင်အဖွဲ့မှ သုတေသီ ဂီဒီယွန်ချီတန်ဂါက ပြောကြားခဲ့သည်။

မူဂါဘီ၏အင်တာဗျူးများအတွက် အမ်နန်ဂါဂွါအား ဖြုတ်ချရန် ရည်မှန်းထားသော အငြိမ်းစားဗိုလ်ချုပ် အမ်ဘရို့စ်မူတင်ဟီရီ ဦးဆောင်သော ပါတီသစ် National Partriotic Front (NPF) က စီစဉ်ပေးခဲ့ဖွယ်ရှိသည်။ မူဂါဘီက NPF ခေါင်းဆောင်နှင့် မကြာသေးမီ က တွေ့ဆုံခဲ့သည့် ဓာတ်ပုံထွက်ပေါ်ခဲ့ပြီးနောက် အာဏာရပါတီ  ZANU-PF ပါတီမှ လူငယ်အဖွဲ့ချုပ်ထောက်ခံသူများက  စုဝေးမှုတစ်ခုတွင် မူဂါဘီအား ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။